Pages

Friday, May 23, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အား လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းမှာ မေ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်မှစ၍ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာနိုင်သည့် အခြေအနေအား စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်မှာ အားကောင်းလာပြီး မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်နိုင်ခြေ ရှိသည့်အတွက် ကမ်းရိုးတန်းဒေသများသို့ အဓိက တပ်လှန့်မှုပြုလုပ်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
ယင်းနောက်မုန်တိုင်းငယ်မှာ လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လာမည့် ၂၄ နာရီအတွင်း ဦးတည်ရွေ့လျားနိုင်မည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ဘက်သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တိုက်ရိုက်ကိုင်တွယ်ရန် သွားရောက်နေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့် ရိက္ခာများ အသင့်ပြုလုပ်ထားကြောင်း သိရသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက “ကျွန်တော်တို့ ၀န်ကြီးဌာနအဆင့်က လူတွေလည်းသွားနေပါပြီ။ အခုရသေ့တောင်ကို ရောက်ရှိနေပါပြီ။ အစားအသောက်နဲ့ ကျန်နေထိုင်ရေး ကိစ္စတွေကိုပါ စီစဉ်နေတယ်” ဟု ဆိုသည်။
“အခု မုန်တိုင်းက အ၀ါရောင်အဆင့်ကနေ လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်တယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားခဲ့ရင် ရခိုင်ကမ်းရိုးတန်းကို သက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ အတိအကျပြောလို့ မရသေးပေမယ့် မြန်မာနိုင်ငံအတွက်တော့ သတိထားဖို့လိုတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက မေ ၂၂ ရက် ညနေ ၄ နာရီခန့်က ဆိုသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လိမ္မော်ရောင်အဆင့်ရှိ မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့်အကွာ မြန်မာနိုင်ငံ ဂွမြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်အကွာ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၆၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၁၉၀ ခန့်အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိပြီး အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေရာမှ မြောက်၊ အနောက်မြောက်ဘက်သို့ ပြန်လည်ရွေ့လျားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒမှ မေ ၂၂ ရက်က ထုတ်ပြန်သည်။
ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးများတွင် နေရာအနှံ့ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကြောင့် တစ်နာရီလျှင် လေတိုက်နှုန်းမှာ အနိမ့်ဆုံး ၄၅ မိုင်ခန့်ရှိမည်ဟု ဆက်လက် ထုတ်ပြန်ထားသည်။
မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းအများစုမှာ မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်မှုများကြောင်း၊ သုံးနှစ်လျှင် နှစ်ကြိမ်အထိပင် ၀င်ရောက်နေကြောင်း၊ ကြီးမားစွာ ၀င်ရောက်ခဲ့သော မုန်တိုင်းများအနက် ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ် တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂၀၁၀ တွင် ဂီရိမုန်တိုင်းတို့ ဖြစ်ကြောင်း၊ မေ ၂ ရက်နှင့် ၃ ရက်တို့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းမှာ မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုနှင့် လူတစ်သိန်းကျော်အထိ သေဆုံးခဲ့ရကြောင်း သိရသည်။
(ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အား မေ ၂၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-India Meterological Department))


No comments:

Post a Comment