Pages

Thursday, May 22, 2014

နေ့ခင်းကြောင်တောင် အရက်မူးပြီး အငှါးယာဉ်မောင်းကိုထိုးကြိတ် ကားလုယူသူကိုမိ

မေလ(၂၁)ရက်နေ့ မွန်းလွဲ(၁)နာရီ(၁၅)မိနစ်ခန့်က ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင် ကြည့်မြင်တိုင် အလတ်ချောင်းကျေးရွာတွင် နေထိုင်သည့် အသက်(၂၈)နှစ်အရွယ် မောင်စိုးပြည့်မွန်က တက္ကစီတစ်စီးအား တား၍စီးခဲ့ပြီး ကားပေါ်တွင် ၎င်းထိုင်သည့် ယာဉ်နောက်ခန်းမှ အငှါးယာဉ်မောင်းအား သိုင်းဖက်၍  အဆက်မပြတ်ထိုးခဲ့ရာ အငှါးယာဉ်မောင်းက အင်လျားလမ်းရှိ သစ်သီးဆိုင်တန်းရှေ့အရောက်တွင် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း သိရသည်။
ထိုတက္ကစီ၏ အငှါးယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက ဓမ္မစေတီလမ်းပေါ်မှ အင်းလျားလမ်းပေါ် မောင်းလာပြီး ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင် အမျိုးသားတစ်ဦးက ကားဆက်သွားလို့မရအောင် ကားရှေ့ကပိတ်၍ ကားတားခဲ့ကြောင်း ၊ ၎င်းဘေးရှိ ကားမှန်ချစဉ် ထိုအမျိုးသားက ၎င်းအား လက်သီးနဲ့ထိုးခဲ့ကြောင်း ၊ ကားမောင်းနေစဉ်တွင် လည်ပင်းညှစ်ပြီး ထိုးခဲ့ကြောင်း ၊ ဘယ်သွားချင်လဲ အရောက်လိုက်ပို့ပေးမယ့်လို့ ထိုအမျိုးသားအား ပြောဆိုပေမယ့် မရတာနဲ့ ကားထိုးရပ်ပြီး ကားပေါ်မှဆင်းပြေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အငှါးယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ပေမယ့် စိုးပြည့်မွန်က ထိုအငှါးယာဉ်အား ဆက်လက် မောင်းနှင်ပြီး ထွက်ပြေးသွားခဲ့ရာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းထောင့်နှင့် အင်းလျားလမ်းထောင့်ရှိ လိုက်ထရပ်ယာဉ်တစ်စီးအား ဝင်တိုက်မိခဲ့ကြောင်း ၊ ယာဉ်ပေါ်ရှိ စိုးပြည့်မွန်အား ယာဉ်ထိန်းရဲနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်တဲ့အတွက် လာရောက်စစ်ဆေးသော ယာဉ်ထိန်းရဲကို စိုးပြည့်မွန်က ထိုးခဲ့တဲ့အတွက် ၎င်းအား ဝိုင်းဖမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုးပြည့်မွန်ဟာ အခင်းဖြစ်စဉ်တွင် အရက်သေစာများ သောက်စားခဲ့ကြောင်းနှင့် ၎င်း၏ကိုယ်ပေါ်၌ အထိုးခံထားရသော ဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်း ၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ ၊ မရှိကို ဆေးစာထွက်လာမှ သိရှိမည်ဖြစ်ကာ ယခုအခါ စိုးပြည့်မွန်အား ဗဟန်းရဲစခန်းတွင် စစ်ဆေးနေကြောင်း ၊ မူးယစ်ဆေးဝါးသုံးစွဲထားပါက လက်ရှိစွဲဆိုထားသော အမှုများအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း ၊ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာကို စစ်ဆေး မေးမြန်းနေဆဲဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ပြောဆိုခဲ့သည်။
စိုးပြည့်မွန်ဟာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်နေသူဖြစ်ကာ သား ၊ ငါး ရောင်းချနေသူ ဖြစ်ကြောင်းလည်း သိရသည်။
စိုးပြည့်မွန်အား ကမာရွတ်မြို့နယ် ရဲစခန်းတွင် အငှါးယာဉ်မောင်းအား ထိုးကြိတ်ပြီး ယာဉ်လုယူမောင်းနှင်ခဲ့မှုအတွက် အမှုဖွင့်ထားခြင်း ခံရသလို ဗဟန်းမြို့နယ်ရဲစခန်း၌လည်း ယာဉ်တိုက်မှု ၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုတို့အတွက် အမှုဖွင့်ထားခြင်း ခံထားရကြောင်း သိရသည်။
စိုးပြည့်မွန် လုယူမောင်းနှင်ခဲ့သောယာဉ်ဟာ ယာဉ်တိုက်မှု လေးမှု ပြစ်ပွားစေခဲ့ကြောင်းလည်း သိရသည်။

Credit to > EMG < Thank

No comments:

Post a Comment