Pages

Friday, May 30, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် လက်မှတ်ထိုးသည့် စာရင်းများအား ရဲစခန်းက တောင်းယူ

ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း  ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများက ပြောသည်။
သာကေတ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ထွေးက “မနေ့ကတော့ သူတို့စာရင်းတွေ တောင်းတယ်။ မနေ့က အထိတော့ လက်မှတ်ထိုးတဲ့နေရာတွေပါ လာတယ်။ ခြောက်နောက်ရပ်ကွက် နယ်ထိန်း ခင်မောင်ဦးက မနက် ၆ နာရီမှာ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှာ တစ်ကြိမ် နောက် ၅ နာရီမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တောင် လာတောင်းတာပါ” ဟု ပြောသည်။
ယင်းကဲ့သို့ လာရောက်တောင်းခံစဉ် သက်ဆိုင်ရာ မြို့နယ်ရုံးကို စာတင်ကာ လူစာရင်းအား တောင်းခံပါဟု ၆ နောက်ရပ်ကွက် ၄၃၆ ပုဒ်မပြင်ဆင်ရေး  တာဝန်ခံက ပြန်လည်ပြောကြားခဲ့သည်ဟု ဦးကျော်ထွေးက ပြန်လည်ပြောပြသည်။
အလားတူပင် မေလ ၂၈ ရက်က စမ်းချောင်းမြို့နယ်ရှိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးရန် ဖွင့်လှစ်ထားသည့် နေရာ၂ဝအနက်  ၅နေရာတွင် နယ်ထိန်းများက လူစာရင်းတောင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောသည်။
“ကျွန်တော်တို့ ပုဒ်မပြင်ဆင်ရေး လက်မှတ်ထိုးတစ်နေရာဆို စာအုပ်ကိုလှန်ပြီး ဓာတ်ပုံရိုက်သွားတယ်။ ကျွန်တော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒပြုလို့မရအောင် လုပ်နေတာလို့မြင်တယ်။ သတင်းယူတယ်ဆိုလည်း မြို့နယ်ရုံးတွေမှာ နေ့စဉ် ရရှိတဲ့ လက်မှတ်စာရင်းတွေ တင်တယ်။ စမ်းချောင်း ဖေ့စ်ဘွတ်မှာလည်း  စာရင်းတွေ တင်ထားတယ်။  ဒီဖြစ်ရပ်အပေါ် အထက်ကခိုင်းလို့ လုပ်တာလို့မြင်တယ်” ဟု ဦးဘိုဘိုဦးက ပြောသည်။
ရဲစခန်းတာဝန်ခံက “ကျွန်တော်တို့ ရပ်ကွက်မှာ ဖြစ်သမျှကိုတော့ တာဝန်တခုအနေနဲ့ သိရမယ်။ မီးပျက်တာကအစ ဘယ်အချိန်ကပျက်တာ ဘယ်အချိန်လာတယ် ဆိုတာကို ကျွန်တော်တို့သိရမှာ တာဝန်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေဆိုခွင့်မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ တာဝန်ခံက သူပြောစကားများကို တာဝန်မခံဟုလည်း ဆိုသည်။

Credit to > Mizzima < Thank

No comments:

Post a Comment