Pages

Thursday, May 22, 2014

အစ်မဝမ်းကွဲတိုက်ခန်းသို့ လာလည်သောလူ တိုက်ပေါ်က ပြုတ်ကျသေဆုံး

မေလ(၁၇)ရက်နေ့က တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ မလွှကုန်းလမ်းတွင် တိုက်(၇)လွှာပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နေ ဦးဝင်းအောင်၊ (၄၃)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းဟာ အစ်မဝမ်းကွဲအိမ်သို့ အခင်းမဖြစ်မီတစ်ရက်အလိုက အလည်လာရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ဦးဝင်းအောင်သည် မေလ(၁၆)ရက်နေ့ ညနေပိုင်းက ထိုအိမ်သို့ ရောက်ရှိလာခဲ့ကာ ညပိုင်းတွင် အရက်သေစာ သောက်စားပြီး အိပ်ရာဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
မေလ(၁၇)ရက်နေ့ မနက်(၃)နာရီခွဲခန့်တွင် အိမ်ရှင်ဖြစ်သူ ဦးဝင်းအောင်၏ အစ်မဝမ်းကွဲက အိပ်ရာမှတရေးနိုးကာ ဦးဝင်းအောင်အား ရှာကြည့်ရာ မတွေ့သဖြင့် လိုက်လံ ရှာဖွေခဲ့ကြောင်း၊ တိုက်ခန်းနောက်ဘက်ရှိအကာမရှိသောပြူတင်းပေါက်
မှ ဓါတ်မီးဖြင့်ထိုးကြည့်ရှာဖွေခဲ့ရာမှ အောက်သို့ ပြုတ်ကျနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း
သိရသည်။
အောက်သို့ ပြုတ်ကျခဲ့သော ဦးဝင်းအောင်သည် တိုက်ခန်းနောက်ဘက်လမ်းကြားတွင် ဦးခေါင်း ယာဘက်ပေါက်ပြဲ၊ နှာခေါင်းနှင့်ပါးစပ်တို့မှသွေးထွက်၊ ၀ဲလက်မောင်း နှင့်ပေါင်တို့၌ ဖူးရောင်ဒဏ်ရာများ ရရှိထားပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment