Pages

Sunday, May 11, 2014

ရန်ကုန်တွင် တရားမ၀င် ဖွင့်လှစ်ထားသော တရုတ်ဆေးခန်းများကို ထပ်မံစစ်ဆေး၍ ပိတ်သိမ်းစေမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် ဖွင့်လှစ်ထားသော တရုတ်ဆေးခန်းများအား ထပ်မံစစ်ဆေးမည်ဖြစ်ပြီး၊ တွေ့ရှိက ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်ဆေးခန်းများ သိသာစွာများပြားလာပြီး ယင်းဆေးခန်းများတွင် ကုသရန်လာရောက်စဉ်က တစ်မျိုး၊ ကုသနေစဉ်တစ်မျိုး ငွေကြေးကောက်ခံနေကြောင်း၊ ကုသရာတွင်လည်း အဆင်ပြေစွာ ကုသနိုင်ခြင်းမရှိသောကြောင့် ဆေးခန်းလာပြသော လူနာများ စိတ်ဆင်းရဲမှုများ ရှိနေကြောင်း သိရသည်။
ယင်းအတွက် တရုတ်ဆေးခန်းများကို စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံဆေးကောင်စီတွင် ကန့်သတ်ဆေးကုသခွင့်လိုင်စင် ခွင့်ပြုချက်မရှိသော တရုတ်နိုင်ငံသားများ ဆေးဝါးကုသမှုလုပ်ငန်းများ ပြုလုပ်နေ၍ ကြည့်မြင်တိုင်မြို့နယ်ရှိ အပိုလိုဆေးခန်းကို ၂ဝ၁၃ ခုနှစ်အတွင်းက ပိတ်သိမ်းစေခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ယခုနှစ်ဆန်းပိုင်းက လိုအပ်သည်ထက် ပိုမိုကြော်ငြာခြင်း၊ လိုင်စင်မရှိသည့် တရုတ်ဆေးဆရာဝန်များ ကုသနေခြင်းကြောင့် တရုတ်ဆေးခန်း ရှစ်ခုကို သတိပေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် မတ် ၉ ရက်တွင်လည်း ကမာရွတ်မြို့နယ်ရှိ ရွှေပိတောက်ဆေးရုံသည် ကန့်သတ်ဆေးကုသခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားသားဆရာဝန်များ ဆေးကုသနေသည်ကို စိစစ်တွေ့ရှိခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ မတ် ၉ ရက်တွင် တရားဝင် ပယ်ဖျက်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာခဲ့သည်။
“တရုတ်ဆေးခန်းတွေကို သတိပေးပြီး သွားပြီ။ နောက်တစ်ကြိမ်စစ်လို့ ထပ်တွေ့ရင်တော့ ရွှေပိတောက်ဆေးခန်းလို ပိတ်သိမ်းသွားရမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၏ ပြောကြားချက်အရ သိရှိရပါ သည်။
ယခုအခါ သက်ဆိုင်ရာမြို့နယ်များတွင် တရားမဝင် တရုတ်ဆေးခန်းများ ရှိ၊ မရှိကို စုံစမ်းနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးမှူးများကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment