Pages

Thursday, May 22, 2014

လင်မယားရန်ဖြစ်တာ ဝင်ဖျန်ဖြေသူအား ထိုးကြိတ်ရာမှ တုတ်ဖြင့်ပြန်ရိုက်သဖြင့် ခင်ပွန်းသေ

မေလ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၌ အသက်(၂၂)နှစ်အရွယ် သက်ဦးနှင့် အသက်(၃၀)နှစ်အရွယ် စိန်ဝင်းရွှေတို့ နှစ်ဦးသည် အရက်အတူသောက်ခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့စဉ် စိန်ဝင်းရွှေ၏နေအိမ်ရှေ့အရောက်၌ အရက်သောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး စိန်ဝင်းရွှေနှင့် ၎င်း၏ဇနီးတို့ စကားများခဲ့ကြကြောင်း သိရသည်။
ယင်းသို့ စိန်ဝင်းရွှေတို့လင်မယား စကားများတာကို ဝင်ဖျန်ဖြေဟန့်တားသည့် သက်ဦးအား စိန်းဝင်းရွှေက ထိုးကြိတ်ကန်ကျောက်ခဲ့သဖြင့် သက်ဦးမှ နေအိမ်ရှေ့ရှိ အရှည်(၁)ပေခွဲ၊ လုံးပတ်(၁၀)လက်မခန့်ရှိ သစ်သားတုံးဖြင့် စိန်ရွှေဝင်းအား ရိုက်နှက်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သက်ဦးက တုတ်ဖြင့်ရိုက်ခဲ့သဖြင့် စိန်ဝင်းရွှေ၌ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ နှစ်ချက် ရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၁၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ သက်ဦးအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ ထွက်ပြေးတိမ်းရှောင်သွားသော သက်ဦးအား ညနေ(၄)နာရီခွဲ အချိန်ခန့်တွင် ခရမ်းချောင်းရေထိန်းတံခါးရှိ ပိန်းကန်ကျေးရွာသို့ထွက်ခွာမည့် စက်လှေပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment