Pages

Friday, May 30, 2014

ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။
“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံတကာ INGO အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် အဖွဲ့ ၆၀ က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။
ပြည်တွင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် လုပ်ကိုင်နေသည့် ပြည်တွင်း NGO အရေအတွက်မှာ ၁၅၀ ခန့်ရှိပါသည်။
ထို့ပြင် ကုလသမဂ္ဂ (UN) နှင့် စပ်ဆက်နေသော INGO အဖွဲ့ ၁၂ ဖွဲ့ခန့်ရှိနေပြီး မကြာသေးမီက လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လာသည့် USAID နှင့် World Bank ကဲ့သို့သော ခိုင်မာသည့် INGO အဖွဲ့အစည်းများလည်း ရှိနေသည်။
ပြည်တွင်းပြည်ပ NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့အနက် အရေအတွက် ၁၀၀ ကျော်ခန့်ရှိပြီး နိုင်ငံခြားသား ပညာရှင်များဖြင့် လည်ပတ်နေသည့် INGO များ၏ စီမံခန့်ခွဲမှု အသုံးစရိတ်များအပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
“ပြည်တွင်း NGO တွေက ဘာမှရတာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ရရင် ဒေါ်လာ သောင်းဂဏန်းပဲရှိတာ။ ခြစားမှုရှိနိုင်တယ်။ ဒါပေမဲ့ မများဘူး။ သို့သော် ဒေါ်လာသန်းချီပြီး အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ INGO တွေရဲ့ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်တွေက လက်တွေ့ကူညီမှုပြုလုပ်တဲ့ ငွေကြေးထက် များနေတယ်” ဟု မြန်မာနိုင်ငံမှ INGO လောကနှင့် နီးစပ်သည့် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဆိုသည်။
“နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက ပြည်တွင်းကပညာရှင်တွေကို အသုံးပြုပြီး ပိုက်ဆံတွေ ယူနေတယ်။ NGO နဲ့ INGO တွေ လုပ်စားနေတာက အဖွဲ့တိုင်းတော့ မဟုတ်ဘူး။ တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကိုယ်ကျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီလိုအလုပ်တွေကို စီးပွားရှာသလို လုပ်နေကြတယ်” ဟု BANCA ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
၂၀၀၈ ခုနှစ် မတိုင်မီကာလက မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်သော INGO အဖွဲ့အစည်း အရေအတွက်မှာ အနည်းငယ်သာရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ပိုမိုများပြားလာခဲ့သည်။ သို့သော် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီကုန်ကျသော ပရောဂျက်များကို ကိုင်တွယ်ဆောင်ရွက်သည့် UN နှင့်ဆက်စပ်သော INGO အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ်မတိုင်မီ ကာလကပင် ရှိနေခဲ့သည်။
NGO နှင့် INGO များအား ညွှန်းဆိုရာ၌ ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပြီး ပထမအမျိုးအစားမှာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသော အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ၌ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများ၌ ကူညီနေသော အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။
စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ရရှိသော ဘတ်ဂျက်၏ရာခိုင်နှုန်း ၇၀ ခန့် အသုံးပြုပြီး ဆောင်ရွက်နေသော INGO များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များဖြစ်ကြသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီသည့် ပရောဂျက်များကို လုပ်ကိုင်နေသည့် အဖွဲ့များဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်နေသည့် အဖွဲ့များထဲတွင် UN နှင့် ဆက်စပ်နေသော အဖွဲ့များ၊ USAID နှင့် World Bank ကဲ့သို့ အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
NGO နှင့် INGO အဖွဲ့အစည်းအချို့ အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၌ မလိုလားအပ်သော အသုံးစရိတ်များ ပြားမှုများရှိနေပြီး လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ထိရောက်မှု အားနည်းနေခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
“ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ဆိုသည်။
စစ်တွေမြို့တွင် မတ်လနောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့်တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး
အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသော INGO များမှ နိုင်ငံခြားသား ပညာရှင်များ၊ အရာရှိများ၏ အခြေခံအသုံးစရိတ်များသည် များပြားသောငွေကြေးများ ဖြစ်နေပြီး ၎င်းတို့၏ အိမ်ငှားစရိတ်၊ ယာဉ်အသုံးပြုစရိတ်များမှာ လစဉ်အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ၍ သုံးစွဲနေကြောင်း သိရသည်။
INGO လောကနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ USAID အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံခြားသား ပညာရှင်တစ်ဦးသည် ရန်ကုန်မြို့၌ ၎င်းနေထိုင်သည့် အိမ်အတွက် ငှားရမ်းခကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ ခန့် အသုံးပြုခြင်း ရှိခဲ့သည်။
ထို့အပြင် UN နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုက မီးစက်အသုံးပြုမှု တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တင်ပြတောင်းခံခဲ့ခြင်းလည်း ရှိခဲ့သည်။
“UN အခြေစိုက် အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေက ခရီးတစ်ခုသွားရင် တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက်ရတယ်။ စာတမ်းတွေရေးတဲ့အခါ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး ကြွေရည်လောင်းထားတဲ့ စာရွက်တွေကို အသုံးပြုတယ်။ အဲဒီမှာလုပ်ရင် တကယ့်အခွင့်ထူးခံ လူတန်းစားလို နေလို့ရတယ်” ဟု INGO ၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။
အခြေခံ အသုံးစရိတ်များနှင့် နေထိုင်ငှားရမ်း စရိတ်များမှာပင် လစဉ် အမေရိကန်ဒေါ်လာ သောင်းချီသုံးစွဲနေသော အချို့ INGO များ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၀န်ထမ်းများနှင့် အဆင့်မြင့်ရာထူး မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် ၀င်ငွေအကောင်းဆုံးသူများ ဖြစ်နေကြောင်း သိရသည်။
“ရန်ကုန်မြို့က ဈေးအကြီးဆုံး ကော်ဖီဆိုင်တွေ၊ ဘားတွေကို သွားကြည့်လိုက်ရင် INGO မှာ လုပ်နေတဲ့သူတွေနဲ့ ခရိုနီတွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်နေသူတွေ၊ သံရုံးအရာရှိတွေကိုပဲ တွေ့ရလိမ့်မယ်။ နောက်ပြီး ရန်ကုန်က ဈေးအကြီးဆုံး KTV၊ အနှိပ်ခန်းတွေမှာလည်း သူတို့ကို တွေ့ရလိမ့်မယ်။ တစ်ညတစ်ညကို မြန်မာငွေသိန်းချီ သုံးနေတဲ့ သူတို့ရဲ့ ငွေကြေးတွေက အလှူရှင်တွေဆီက ရထားတဲ့ ငွေကြေးတွေပါပဲ” ဟု INGO လောကနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း အစီရင်ခံစာကောင်း ရေးသားတတ်ခြင်းနှင့် အလှူရှင်များစိတ်ကြိုက် လုပ်ပြခြင်းဖြင့် ရရှိနေသော ငွေကြေးများကို NGO နှင့် INGO အဖွဲ့အစည်းများက ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေသူများအတွက် မျက်နှာပျက်စရာ ဖြစ်နေပါသည်။
“INGO တွေရဲ့ အသုံးစရိတ် များတယ်ဆိုတာ အမှန်ပဲ။ ပြည်တွင်းအဖွဲ့အစည်းတွေက အဲဒီလို အခွင့်အရေး မရှိဘူး။ INGO တွေက အစီရင်ခံစာ ရေးသားခြင်းနဲ့ အလှူရှင်တွေစိတ်ကြိုက် လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ နေရာတွေ၊ ပြည်သူပြည်သားတွေဆီ ရောက်တာနည်းတယ်။ Budget Line ဆွဲကတည်းက Overall Charges တွေက တော်တော်ယူထားပြီး ဖြစ်နေတယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်းကို တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောသည်။
“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေက ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်းကြတဲ့ အဖွဲ့တွေက မကျွမ်းကျင်ကြဘူး ဆိုပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တချို့ INGO တွေက နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေ လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လုပ်ပြတဲ့အတွက် အစီရင်ခံစာရေးလို့ ကောင်းသွားတယ်။ အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေ ပါရှိနေတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
သို့သော် အချို့သော INGO များက ပြည်တွင်း NGO များ၏ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာ အလှူရှင်များ၏ အမြင်မှားစေရန် သတင်းမှားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
“ပြည်တွင်း NGO တွေရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်း မပြည့်ဝဘူး ဆိုပြီးတော့ နိုင်ငံတကာ အလှူ ရှင်တွေ အမြင်မှားအောင် လုပ်ထားတယ်။ သူတို့က တစ်ဆင့်ပဲလှူ အောင် လုပ်တာများတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။
NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနိုင်သဖြင့် ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာဖြင့် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အကြံပြုချက်များ ရှိသည်။
“စီးပွားရေး အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေမှာ ခုတ်ရာတခြား၊ ရှရာတစ်လွဲ လုပ်နေတာတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းစစ်တွေနဲ့ စနစ်တကျ လုပ်ထားတဲ့အတွက် အဲဒီလိုလုပ်လို့ မရဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ထိုင်းတို့လို ဒေသတွင်းနိုင်ငံတွေကလာတဲ့ အဖွဲ့အစည်းတွေကိုတော့ မပြောတတ်ဘူး။ ဒါတွေက မရှိဘူးလို့ ပြောလို့မရသလို၊ ရှိတယ်လို့လည်း တပ်အပ်မပြောနိုင်ဘူး” ဟု ပြည်တွင်း NGO အဖွဲ့တစ်ခုဖြစ်သော EcoDev ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။
အစီရင်ခံစာကောင်းပြီး အလှူ ရှင်စိတ်ကြိုက် ပရောဂျက်လုပ်ဆောင်နေသည့် INGO အဖွဲ့အစည်းအချို့၏ လက်တွေ့ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုများမှာ အားရစရာမရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။
ဥပမာအားဖြင့် လတ်တလော ကာလအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ထားဝယ်တို့၌ ပရောဂျက် လုပ်ဆောင်ခဲ့သော World Bank ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။
“World Bank က လုပ်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေချေးတယ်။ သူတို့အဖွဲ့တွေ ရွာကိုရောက်လာတယ်။ သူတို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီသလား ဆန်းစစ်တယ်။ အဲဒီဒေသအကြောင်း၊ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ Check List နဲ့ ကိုက်တယ်ဆိုပြီး အကူအညီပေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုက နေ့တစ်ဝက်ပဲရှိတယ်။ သူတို့ပြန်တော့ ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့တယ်။ သူတို့ပြန်သွားတဲ့အခါ အဲဒီဒေသမှာ ပြဿနာတွေ ကျန်ခဲ့တယ်” ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုအတိုင်းအတာ မရှိခြင်းဖြစ်ကြောင်း INGO ၀န်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
“သူတို့ကို စစ်လို့မရဘူး။ စစ်တဲ့အခါ သူတို့က ပြန်ပြောလိမ့်မယ်။ ငါတို့ကပေးထားတဲ့ Check List အတိုင်း လုပ်တယ်ပေါ့။ ငါတို့ တာဝန်ကျေတယ်ပေါ့။ Check List အတိုင်းလုပ်တာတော့ မှန်တယ်။ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိတော့ သူတို့လုပ်တာတွေက သဲထဲရေသွန် ဖြစ်နေတာပေါ့။ ဥပမာ-အိမ်သာပရောဂျက်ဆိုပြီး အိမ်သာကိစ္စတွေ လုပ်ကြတယ်။ အိမ်သာတော့ ပြီးသွားတယ်။ ဒါပေမဲ့ အိမ်ကစုတ်ပြတ်နေပြီး အိမ်သာက အရမ်းကောင်းနေတာမျိုးတွေ ဖြစ်ကုန်တယ်” ဟု INGO ၀န်ထမ်းဟောင်းက ပြောကြားသည်။
ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန်တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့် IRI စစ်တမ်း ရလဒ်ကဲ့သို့သော လွဲမှားသည့်ရလဒ်များ ထွက်ပေါ်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။
လက်ရှိအစိုးရလက်ထက်၌ NGO နှင့် INGO များ ပိုမိုများပြားနေပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသည်။ ထိုသို့ ရှိနေသည့်အနက် ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ခုတည်းတွင် NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး ထိုအထဲတွင် ၁၉ ဖွဲ့မှာ တရားဝင် မှတ်ပုံတင်မရှိသော အဖွဲ့များဖြစ်သည်။
လူဦးရေ သုံးသန်းရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိသော ရခိုင်ပြည်နယ်တွင် NGO နှင့် INGO အရေအတွက်မှာ ပြည်နယ်လူဦးရေနှင့် မလိုက်အောင် များပြားနေပြီး ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမှာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် သက်ရောက်မှုနည်းပါးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် INGO အဖွဲ့အစည်းအချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။
“NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ။ ပြည်တွင်းကလူတွေ လုပ်နေတဲ့ NGO သေးသေးတွေက ဘာမှရတာမဟုတ်ဘူး။ အလွဲသုံးစားမှုတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေလောက် မများဘူး။ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့ကြီးတွေမှာပဲ ဖြစ်နေတယ်။ သူတို့ရဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရေးသားဖို့တော့ လိုအပ်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။
(စစ်တွေမြို့တွင် INGO များနှင့် ဒေသခံများအကြား ပဋိပက္ခတွင် ဖျက်ဆီးခံခဲ့ရသည် INGO မှ ငှားရမ်းထားသည့် အဆောက်အအုံတစ်ခု)

အလယ်တန်း အခမဲ့ပညာရေးစနစ် စတင်ပြီ

ယခုနှစ်တွင် ပဉ္စမတန်း (Grade-6)မှ အဋ္ဌမတန်း (Grade-9)အထိ အလယ်တန်း အခမဲ့ပညာရေးစနစ် အ တွက် ကျပ် ခုနစ် ဘီလီလံ အကုန်ခံသုံးစွဲမည်ဟု ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
အခြေခံပညာ အလယ်တန်းအဆင့်တွင် ကျောင်းအပ်နှံခ ကျပ် ၅၀၀၊ ၆၀၀၊ ၇၀၀၊ ၈၀၀ အသီးသီးရှိ သော်လည်း ကျောင်း သုံးဖတ်စာအုပ်ကြေး မှာ ကျပ် ၁,၅၅၀၊ ၁,၅၅၀၊ ၁,၇၀၀ နှင့် ၂၃၀၀ ကျသင့်နေသည်။ အခြေခံပညာ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂ ဒသမ ၅ သန်း ရှိသည်။
နောက်ပိုင်းတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံခနှင့် ကျောင်းသုံးစာအုပ် ကြေးများကိုလည်း အစိုးရက ငွေကြေးမယူဘဲ အခမဲ့ပေးဝေရန် အစီအစဉ်ရေးဆွဲနေ ပြီဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဆိုထားသည်။
၂၀၁၄-၁၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ကျောင်းအပ်နှံ ရေးသီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး အခြေခံပညာ အလယ်တန်းအခမဲ့ပညာရေးစနစ် စတင်လိုက်ပြီဖြစ်သော်လည်း ပညာသင်နှစ်တစ်ခုလုံးအတွက် နောက်ဆက်တွဲ ကျောင်းမှကောက်ခံမည့် အထွေထွေ ကုန်ကျစရိတ်များ ကုန်ကျခံရဦးမည်ဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောဆိုလိုက်သည်။
ယခုပညာသင်နှစ်အတွက် မေလ ၂၅ ရက်မှ စသည့် ကျောင်းအပ်နှံရေးပထမနေ့တွင် ကျောင်းသားမိဘများ က မှတ်ချက်ပြု လိုက်ခြင်းဖြစ်သည်။
အခြေခံပညာမူလတန်းအတွက် အခမဲ့ပညာရေးစနစ်ကို ၂၀၁၁-၂၀၁၂ ပညာသင် နှစ်က စတင်ခဲ့သော် လည်း ကျောင်းသားတစ်ဦးအတွက် တစ်နှစ်စာနောက်ဆက်တွဲ ကျောင်းမှကောက်ခံသောကြောင့် ကုန်ကျ ငွေမှာ ကျပ် ၂၅,၀၀၀ နှင့် ၃၀,၀၀၀ ကြား ရှိသည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်စံဝင်ခိုင် က “ ကျောင်းဖွင့်ချိန်တင် ထောက်ပံ့ပေးပြီး ဒီတိုင်းပဲပစ်ထားလိုက်တာဟာ အခမဲ့ပညာရေးစနစ်လို့ မဆိုနိုင်ပါဘူး။ ကျောင်းတွေရဲ့ အခြေခံလိုအပ်ချက်၊ ကျောင်းသားတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဥပမာကျောင်း ၀တ်စုံ၊ စာအုပ်တွေ ကအစ တစ်နှစ်ပတ်လုံးပံ့ပိုးပေးတာမျိုး ဖြစ်သင့်ပါတယ်။ တစ်နှစ်ပတ်လုံး ဖြည့်ဆည်းပေးနိုင်ခြင်းမရှိရင် အခမဲ့ပညာရေးစနစ်က ထိရောက်မှာမဟုတ်ပါဘူး ” ဟုပြောသည်။
ပြီးခဲ့သည့်နှစ် ကျောင်းအပ်နှံရာသီတွင် ကျောင်းသားများထံမှ အားကစားကြေး၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်ကြေး စသည်ဖြင့် ကောက်ခံခဲ့ရပြီး ထိုသို့ကောက်ခံရရှိလာသောငွေကြေးများကို ကျောင်းစာ သင်ခန်းအတွက် စာသင်ခုံများ ပြန်လည်မွမ်းမံ ပြင်ဆင်ရာတွင် အသုံးပြုခဲ့ရသည်ဟု အထက်တန်းပြဆရာ စောတိုးစေးက ဆိုသည်။

Credit to > Mizzima < Thank

စာရေးအိမ်အတွင်းမှ ရတနာပစ္စည်း ကျပ်သိန်း၄၀ ကျော်ဖိုး ခိုးယူခံရ

ကျောက်တန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်(၁) ဖြစ်သူ၏ အိမ်အတွင်းမှ ရတနာပစ္စည်း ကျပ်သိန်း ၄၀ ကျော်ဖိုးကို ၀င်ရောက်ခိုးယူခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၆ ရက်၊မွန်းလွဲ ၁ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်(၁)ဖြစ်သူ ကိုရန်ပိုင်ထွေး သည် နေအိမ်မှ “ရွှေတောင်” ထမင်းဆိုင်သို့ နေ့လယ်စာ သွားစားနေစဉ် တံခါးကိုဖွင့်၍ အိပ်ခန်းတွင်းရှိ ဗီရို အတွင်းမှ စိန်ထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများနှင့် ဖုန်းတစ်လုံး ခိုးယူသွားခြင်း ဖြစ်သည်။
ထမင်းစားပြီးအပြန် နေအိမ်သို့အရောက်တွင် ဗီရိုအတွင်းမှ စိန်လက်ကောက် နှစ်ကွင်း၊ စိန် ၂၅ လုံးပါ စိန် လော့ကတ်သီး တစ်ခု၊ စိန်လက်စွပ် ငါးကွင်း၊ စိန်နားကပ် တစ်ရံ၊ တစ်ကျပ်ခွဲသား ရွှေဆွဲကြိုးတစ်ကုံး၊ နီလာ ဆွဲသီးတစ်ခု၊ ပုလဲဆွဲသီးတစ်ခု၊ ရွှေဆွဲပြားတစ်ပြားနှင့် ဖုန်းတစ်လုံး ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ရဲမှတ်တမ်းများအရ ခိုးခံရသော ပစ္စည်းများတန်ဖိုးမှာ စုစုပေါင်း တန်ဖိုးငွေကျပ် (၄၆)သိန်း နှင့် (၈)သောင်းကျပ်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ နေအိမ်အတွင်းရှိ ရတနာပစ္စည်းများ ၀င်ရောက်ခိုးယူခဲ့သူကို အရေးယူပေးပါ ရန် ကိုရန်ပိုင်ထွေး၏ တရားလိုပြုလုပ် တိုင်တန်းမှုကို ကျောက်တန်းနယ်မြေရဲစခန်းက (ပ) ၉၇/ ၁၄၊ ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။

Credit to > Mizzima < Thank

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် လက်မှတ်ထိုးသည့် စာရင်းများအား ရဲစခန်းက တောင်းယူ

ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း  ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများက ပြောသည်။
သာကေတ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ထွေးက “မနေ့ကတော့ သူတို့စာရင်းတွေ တောင်းတယ်။ မနေ့က အထိတော့ လက်မှတ်ထိုးတဲ့နေရာတွေပါ လာတယ်။ ခြောက်နောက်ရပ်ကွက် နယ်ထိန်း ခင်မောင်ဦးက မနက် ၆ နာရီမှာ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှာ တစ်ကြိမ် နောက် ၅ နာရီမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တောင် လာတောင်းတာပါ” ဟု ပြောသည်။
ယင်းကဲ့သို့ လာရောက်တောင်းခံစဉ် သက်ဆိုင်ရာ မြို့နယ်ရုံးကို စာတင်ကာ လူစာရင်းအား တောင်းခံပါဟု ၆ နောက်ရပ်ကွက် ၄၃၆ ပုဒ်မပြင်ဆင်ရေး  တာဝန်ခံက ပြန်လည်ပြောကြားခဲ့သည်ဟု ဦးကျော်ထွေးက ပြန်လည်ပြောပြသည်။
အလားတူပင် မေလ ၂၈ ရက်က စမ်းချောင်းမြို့နယ်ရှိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးရန် ဖွင့်လှစ်ထားသည့် နေရာ၂ဝအနက်  ၅နေရာတွင် နယ်ထိန်းများက လူစာရင်းတောင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောသည်။
“ကျွန်တော်တို့ ပုဒ်မပြင်ဆင်ရေး လက်မှတ်ထိုးတစ်နေရာဆို စာအုပ်ကိုလှန်ပြီး ဓာတ်ပုံရိုက်သွားတယ်။ ကျွန်တော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒပြုလို့မရအောင် လုပ်နေတာလို့မြင်တယ်။ သတင်းယူတယ်ဆိုလည်း မြို့နယ်ရုံးတွေမှာ နေ့စဉ် ရရှိတဲ့ လက်မှတ်စာရင်းတွေ တင်တယ်။ စမ်းချောင်း ဖေ့စ်ဘွတ်မှာလည်း  စာရင်းတွေ တင်ထားတယ်။  ဒီဖြစ်ရပ်အပေါ် အထက်ကခိုင်းလို့ လုပ်တာလို့မြင်တယ်” ဟု ဦးဘိုဘိုဦးက ပြောသည်။
ရဲစခန်းတာဝန်ခံက “ကျွန်တော်တို့ ရပ်ကွက်မှာ ဖြစ်သမျှကိုတော့ တာဝန်တခုအနေနဲ့ သိရမယ်။ မီးပျက်တာကအစ ဘယ်အချိန်ကပျက်တာ ဘယ်အချိန်လာတယ် ဆိုတာကို ကျွန်တော်တို့သိရမှာ တာဝန်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေဆိုခွင့်မရှိပါဘူး” ဟု ပြောသည်။ အဆိုပါ တာဝန်ခံက သူပြောစကားများကို တာဝန်မခံဟုလည်း ဆိုသည်။

Credit to > Mizzima < Thank

Sunday, May 25, 2014

Open Day အခမ်းအနားသို့လာရောက်လေ့လာနိုင်ပါရန် ဖိတ်ကြားခြင်း

ရန်ကုန်၊ မေ ၂၄
၂၅.၅.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်မှ ၁၄၀၀အချိန်အထိ
EU (European Union) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းဝင်းအတွင်း၌ ရဲတပ်ဖွဲ့၏
လုပ်ငန်းများကို ပြည်သူများသိရှိနိုင်ရန်နှင့် ရဲတပ်ဖွဲ့နှင့်ပြည်သူတို့
ဆက်ဆံရေးကောင်းမွန်စေရန်ရည်ရွယ်၍Open Dayအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ တပ်ဖွဲ့များ
ဖြစ်သော လုံခြုံရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့တို့၏ တပ်ဖွဲ့အလိုက်လုပ်ငန်းတာဝန်နှင့် အသုံးအဆောင်ပစ္စည်းများကို ရှင်းလင်းဆွေးနွေး ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။
အဆိုပါ Open Day အခမ်းအနားသို့ မိဘပြည်သူများနှင့်
သတင်းမီဒီယာများမှ လာရောက်လေ့လာနိုင်ပါရန်
ဖိတ်ကြားအပ်ပါသည်။

ပုဒ်မ ၄၃၆ပြင်ဆင်ရေး အနုပညာသမားတွေ စတင်လက်မှတ်ရေးထိုးပြီ

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ NLD နဲ့ ၈၈မျိုးဆက်တို့ ဦးဆောင်လှုပ်ရှားတဲ့ လက်မှတ်ရေးထိုးမှုမှာ နိုင်ငံကျော် အနုပညာရှင်တွေ စတင်ပါဝင်ခဲ့ပါပြီ။ NLD ရုံးတွေမှာ မေ ၂၇မှစပြီး ပြုလုပ်မယ့် ဒီလက်မှတ်ထိုး လှုပ်ရှားမှုကို အနုပညာသမားတွေ ဘာ့ကြောင့် အစောကြီးလက်မှတ်ထိုးကြတာလဲ။


Saturday, May 24, 2014

မေလအတွင်း ဖုန်းဆင်းမ်ကတ် လေးသိန်း ချပေးမည်

မေလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် လေးသိန်း ထပ်မံချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးက မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
မေလအတွင်း တန်ဖိုးနည်းဖုန်းချထားပေးရာတွင် ရန်ကုန်တိုင်းဒေသအတွင်းရှိ ဆင်းမ်ကတ်ခွဲတမ်းတွင် GSM ပါဝင်ခြင်း မရှိဘဲ MEC CDMA ဖုန်းဆင်းကတ် ၂၅၀,၀၀၀ နှင့် ပင်စင်စားများအတွက် WCDMA ဆင်း ကတ် ၁၅,၀၀၀ အထိသာချထားပေးမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူသည် ၈ ဒသမ ၄၅ သန်းအထိ ရောက်ရှိနေပြီး နောက်ထပ်လေးသိန်း ထပ်မံချထားပေးမည်ဆိုသောကြောင့် အသုံးပြု သူ ၈ ဒသမ ၈၅ သန်းအထိ ရောက်ရှိလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ၇ သန်းအထိရှိရာ အိမ်ထောင်စုတစ်စုလျှင် မိုဘိုင်းဖုန်းတစ်လုံး အသုံးပြုနိုင်သည့်အနေအထားသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။
ပြင်ပဈေးကွက်တွင် မိုဘိုင်းဆင်းမ်ကတ်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် လူတစ်ဦးလျှင် ဖုန်းတစ်လုံးကိုင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည့်အတွက် အမှန်တကယ် အိမ်တိုင်းဖုန်း အသုံးမပြုနိုင်သေးကြောင်းလည်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ်တယ်လီဖုန်းများချထားပေးရာတွင် ဖုန်းလိုင်းကျပ်တည်းသည့် နေရာဒေသအပေါ်မူတည်၍ တိုင်းနှင့်ပြည်နယ်အလိုက် တယ်လီဖုန်းများချထားပေးနေရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာများက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေစိုးက“တန်ဖိုးနည်းဖုန်းတွေ ချထားပေးတဲ့အခါမှာ တယ်လီဖုန်း Traffic ( တယ်လီဖုန်း လိုင်းကျပ်ခြင်း) ကို ကြည့်ပြီး ချထားပေးနေရတယ်။ နောက်ပြီး MEC ဖုန်းဆင်းမ်ကတ်တွေနဲ့ MPT ကတ်နဲ့ကို မျှဝေချထားပေးရတာတွေရှိတယ်”ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်း စီမံကိန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားသည်။
Credit to > Mizzima < Thank

မြဝတီ-ရန်ကုန်ပြေးဆွဲသောပြည့်အားမာန်ခရီးသည်တင် ယာဉ်တိမ်းမှောက် ၁၈ ဦးဒဏ်ရာရ

 မြဝတီ-ရန်ကုန်ပြေးဆွဲ သည့် ပြည့်အားမာန်ခရီးသည် တင်ယာဉ်တိမ်းမှောက်ရာလိုက် ပါလာသူ ၂၃ ဦးအနက် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘားအံမြို့မရဲစခန်းမှ သတင်းရရှိသည်။

မေလ ၂၀ ရက် ည ၈ နာရီ ခန့်က မြဝတီမှ ရန်ကုန်မြို့သို့ မောင်းနှင်လာစဉ် ဘားအံမြို့ ထုံးအိုင်လမ်းပေါ်ရှိ ဇွဲကပင်ဟိုတယ်အနီးတွင် လမ်းဘေးအုတ်ခုံကိုဝင်တိုက်ကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။

 ‘‘မိုးကနည်းနည်းသည်းနေ တော့ စလစ်ဖြစ်ပြီး လမ်းဘေး အုတ်ခုံကိုဝင်တိုက်မိတာ။ ယာဉ် မောင်းနဲ့  ယာဉ်နောက်လိုက်က ထွက်ပြေးသွားတယ်။ ခရီးသည် တွေရဲ့ အသက်အန္တရာယ်က တော့ စိုးရိမ်စရာမရှိတော့ပါဘူး’’ ဟု ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးဝင်းက ပြောသည်။

   ပြည့်အားမာန်ယာဉ်ပေါ် တွင် ခရီးသည် ၂၃ ဦးလိုက်ပါလာ ပြီး အမျိုးသားကိုးဦးနှင့် အမျိုးသမီး ကိုးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသည့် ခရီးသည် ၁၈ ဦး ကို ဘားအံဆေးရုံသို့ တင်ပို့ပေးခဲ့ ပြီး ၁၇ ဦးမှာ စိုးရိမ်စရာမရှိတော့ ၍ မေလ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ဒဏ်ရာပြင်းထန်သည့် အမျိုးသားတစ်ဦးသာ ဘားအံဆေးရုံ အရိုး၊ အကြော အထူးကြပ်မတ်ဆောင်တွင် ကုသနေရကြောင်း   ဒုရဲမှူးစိုးဝင်းက ပြောသည်။

ထွက်ပြေးသွားသည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်ကို ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အပြင် ယာဉ်ကိုစွန့်၍ထွက်ပြေးသွားပြီး သတင်းပေးရန်ပျက်ကွယ်မှုဖြင့် ပုဒ်မ  ၂၀၂  ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။


Credit to > 7Day Daily < Thank


သမက်ဖြစ်သူက လက်နက်ကိုင် အဖွဲ့နှင့် ပေါင်းပြီး ယောက္ခမကို ပြန်ပေးဆွဲ

မော်လမြိုင်၊ မေ ၂၂

မွန်ပြည်နယ်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ရော်ဘာကုန်းခြံစု ရပ်ကွက်တွင် သမက်ဖြစ်သူက လက်နက်ကိုင် တပ်ဖွဲ့တစ်ခုနှင့် ပေါင်း၍ ယောက္ခမဖြစ်သူ ရော်ဘာခြံလုပ်ငန်းရှင် ဦးတင်ဝင်း (ခ) ဦးကရာမွတ်ကို ၁၁ ရက်ကြာ ပြန်ပေးဆွဲခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက ပြောကြားသည်။

မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ပြည်သူ့အတွက် လူမှုကွန်ရက်နှင့် ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (မော်လမြိုင်) ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးတင်ဝင်း၏ အိမ်ရှေ့သို့ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီခွဲက မော်တော်ကား အဖြူရောင်တစ်စီး ရောက်ရှိလာပြီး၊ ဦးတင်ဝင်းကို DKBA (ကလိုထူးဘော) အဖွဲ့ဖြစ်သည့် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြည်စိုးဆိုသူက ကားပေါ်ဆွဲတင်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းနှင့် ကားပေါ်တွင် ဦးတင်ဝင်း၏သမက် ဦးမောင်ဝင်းလည်း ပါဝင်ခဲ့ကြောင်း ပြည်သူ့အတွက် လူမှုကွန်ရက်မှ မွန်ပြည်နယ် ဒုတိယတာဝန်ခံ ဒေါ်ဝါဝါချိုက ပြောဆိုသည်။

လက်နက်ကိုင်အဖွဲ့သည် ဦးတင်ဝင်းကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကရင်ကတိုက် ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်သူ မိသားစုများထံ ဆက်သွယ်ခိုင်း၍ ငွေကျပ် သိန်း ၃၀၀ ကို တောင်းခံခဲ့ကြောင်းနှင့် ၎င်းတို့ တောင်းခံသည့် ငွေကို ပြန်ပေးဆွဲခံရသူ၏ မိသားစုက ပေးနိုင်ခြင်း မရှိသောကြောင့် ၁၁ ရက်ကြာ ချုပ်နှောင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ပေးဆွဲခံရသည့် ဦးတင်ဝင်းက ပြောကြားသည်။

“ကျွန်တော်ကို အိမ်က ခေါ်သွားကတည်းက လက်ထိတ်ခတ်သွားတယ်။ ခနောင်ရွာ ရောက်တော့ ကားပေါ်က ဆင်းခိုင်းပြီး တစ်ညလုံး လမ်းလျှောက်ခိုင်းတယ်။ မအော်ရဘူးတဲ့။ ဟိုရောက်တော့ ကျွန်တော်လက်တွေ သွေးထွက်နေပြီ။ သူတို့နေတဲ့ နေရာရောက်တော့ ခင်ဗျားဆီက ကျပ် ၃၀၆ သိန်းရမယ်ဆိုလို့ ငါတို့ ဖမ်းတယ်တဲ့။ မောင်ဝင်းက ငါတို့ကို သိန်း ၁၀၀ နဲ့ ငှားထားတဲ့။ ငါတို့မှာတော့ ထောင်မရှိဘူး။ ရဲစခန်းတို့ ဘာတို့ ဆက်သွယ်တာ မလုပ်နဲ့။ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းကိစ္စကြောင့် ဦးတင်ဝင်း၏ မိသားစုဝင်များက အကူအညီ တောင်းခံခဲ့ရာ တပ်မ (၂၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကံမော်ဦးနှင့် အမှတ် (၂၀၈) တပ်ရင်းရှိ တပ်မတော်သားများ၏ ကူညီမှုဖြင့် မေလ ၆ ရက်နေ့တွင် ပြန်ပေးဆွဲ လက်နက်ကိုင်အဖွဲ့ထံမှ ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြန်ပေးဆွဲခံရခြင်းမှ မလွတ်မြောက်ခင် ဦးတင်ဝင်း၏ နေအိမ်တွင်လည်း အဆိုပါ တပ်ရင်းက လုံခြုံရေးများ ချထားပေးခဲ့ကြောင်း ပြန်ပေးဆွဲခံရသူ၏ ဇနီး ဒေါ်အေးအေးသိန်းက ပြောကြားသည်။

ခင်ပွန်းဖြစ်သူ ပြန်ပေးဆွဲခံရခြင်းကြောင့် ကျိုက်မရော ရဲစခန်းတွင် ဧပြီလ ၂၇ ရက်နေ့က ပြန်ပေးဆွဲသူများကို အရေးယူပေးရန် ပထမအကြိမ် အမှုဖွင့် တိုင်ကြားခဲ့ပြီး ပြန်လည် လွတ်မြောက်ခဲ့သည့် မေလ ၆ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့တို့တွင် ကျိုက်မရော ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်ပေးခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံ သွားရောက်ခဲ့ရာ ဝန်ကြီးသည် နေပြည်တော် အစည်းအဝေး သွားနေခြင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် သွားရောက်သော်လည်း အစည်းအဝေး ရှိချိန်နှင့် တိုက်ဆိုင်နေခြင်းတို့ကြောင့် တွေ့ဆုံခွင့် မရှိခဲ့ပေ။ ကျိုက်မရော ရဲစခန်းသို့ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က ၅ ကြိမ် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

Credit to > The Voice Weekly < Thank

Friday, May 23, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အား လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းမှာ မေ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်မှစ၍ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာနိုင်သည့် အခြေအနေအား စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်မှာ အားကောင်းလာပြီး မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်နိုင်ခြေ ရှိသည့်အတွက် ကမ်းရိုးတန်းဒေသများသို့ အဓိက တပ်လှန့်မှုပြုလုပ်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
ယင်းနောက်မုန်တိုင်းငယ်မှာ လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လာမည့် ၂၄ နာရီအတွင်း ဦးတည်ရွေ့လျားနိုင်မည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ဘက်သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တိုက်ရိုက်ကိုင်တွယ်ရန် သွားရောက်နေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့် ရိက္ခာများ အသင့်ပြုလုပ်ထားကြောင်း သိရသည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက “ကျွန်တော်တို့ ၀န်ကြီးဌာနအဆင့်က လူတွေလည်းသွားနေပါပြီ။ အခုရသေ့တောင်ကို ရောက်ရှိနေပါပြီ။ အစားအသောက်နဲ့ ကျန်နေထိုင်ရေး ကိစ္စတွေကိုပါ စီစဉ်နေတယ်” ဟု ဆိုသည်။
“အခု မုန်တိုင်းက အ၀ါရောင်အဆင့်ကနေ လိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်တယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားခဲ့ရင် ရခိုင်ကမ်းရိုးတန်းကို သက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ အတိအကျပြောလို့ မရသေးပေမယ့် မြန်မာနိုင်ငံအတွက်တော့ သတိထားဖို့လိုတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက မေ ၂၂ ရက် ညနေ ၄ နာရီခန့်က ဆိုသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လိမ္မော်ရောင်အဆင့်ရှိ မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့်အကွာ မြန်မာနိုင်ငံ ဂွမြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်အကွာ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၆၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၁၉၀ ခန့်အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိပြီး အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေရာမှ မြောက်၊ အနောက်မြောက်ဘက်သို့ ပြန်လည်ရွေ့လျားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒမှ မေ ၂၂ ရက်က ထုတ်ပြန်သည်။
ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးများတွင် နေရာအနှံ့ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကြောင့် တစ်နာရီလျှင် လေတိုက်နှုန်းမှာ အနိမ့်ဆုံး ၄၅ မိုင်ခန့်ရှိမည်ဟု ဆက်လက် ထုတ်ပြန်ထားသည်။
မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းအများစုမှာ မြန်မာနိုင်ငံဘက်သို့ ၀င်ရောက်မှုများကြောင်း၊ သုံးနှစ်လျှင် နှစ်ကြိမ်အထိပင် ၀င်ရောက်နေကြောင်း၊ ကြီးမားစွာ ၀င်ရောက်ခဲ့သော မုန်တိုင်းများအနက် ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ် တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂၀၁၀ တွင် ဂီရိမုန်တိုင်းတို့ ဖြစ်ကြောင်း၊ မေ ၂ ရက်နှင့် ၃ ရက်တို့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းမှာ မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုနှင့် လူတစ်သိန်းကျော်အထိ သေဆုံးခဲ့ရကြောင်း သိရသည်။
(ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အား မေ ၂၂ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-India Meterological Department))


တပ်မတော်ခေါင်းဆောင်များ ရွံ့ကြောက်ရသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်ကြောင်း သတင်းထွက်ခြင်း မမှန်

ရန်ကုန်၊ မေ ၂၁

တပ်မတော်အစိုးရ လက်ထက်တွင် တိုင်းမှူး၊ တပ်မမှူးများ အပေါ် DSA အပတ်စဉ် (၁)ဆင်း အနေဖြင့် သြဇာ လွှမ်းမိုးမှု ပြင်းထန်သည်ဟု သတ်မှတ်ခြင်း ခံရပြီး တပ်မတော် ခေါင်းဆောင်များ ရွံ့ကြောက်ခြင်း ခံရသည့် တပ်မတော် အစိုးရအဖွဲ့ အကြီးအကဲတစ်ဦး ဖြစ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သည် နေအိမ်တွင် ဆေးကုသမှု ခံယူနေရင်း ၂၀၁၄ ခုနှစ်၊ မေ ၂၁ ရက် နံနက်ပိုင်း၌ မိသားစုဝင်များ ရှေ့တွင် ကွယ်လွန်သွားသည် ဟူသောသတင်းသည် စစ်အစိုးရ၏ အကျဉ်းသားဘ၀ဖြင့် ၁၉နှစ်ကျော် အကျဉ်းကျခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ပြီး တစ်လတိတိ ပြည့်သောနေ့ မေ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့နေလူထုနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် စတင် ပျံ့နှံ့ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ကွယ်လွန်သွားပြီ၊ သေချာလား မသေချာလား စုံစမ်းပေးကြပါ၊ စသဖြင့် ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ နေခဲ့ပြီး၊ အထူးသဖြင့် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့်အတွက် ကျန်ရစ်သော မိသားစုဝင်များက မဟာစည်သာသနာ့ရိပ်သာ (၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်)တွင် ပြုလုပ်သော ဆွမ်းကျွေး အလှူတွင်လည်း စာရေးဆရာ အသိုင်းအ၀ိုင်းနှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အချို့လည်း သတင်းမီဒီယာသမားများထံ အပူတပြင်း စုံစမ်းနေကြောင်း တွေ့ရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဦးမောင်အေး ကျန်းမာစွာ ရှိနေကြောင်း၊ ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား ဖြစ်ပွားခြင်း မရှိကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယနေ့တိုင် တပ်မတော် ခေါင်းဆောင်များ၏ ကြောက်ရွံ့ လေးစားခြင်း ခံရသော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ပတ်သက်၍လည်း စစ်ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့သော စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးက““ဒုချုပ်ကို ကြောက်ရတာပေါ့။ တင်ပြတဲ့ စာတွေဆိုရင် ကျွန်တော် သေသေချာချာ ဖတ်ပြီးရှင်းနိုင်မှ ဒုချုပ်ကို တင်ရတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ပြည်ပတွင် ဆေးကုသမှု ခံယူပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ၎င်း၏ နေအိမ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက် တွေ့ဆုံခြင်း ရှိခဲ့သည်။

Credit to > Myanmartandawsint Newspaper < Thank

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး အနားယူပြီးနောက် ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ကန့်ဘလူမြို့သို့ သွားရောက်သော ခရီးစဉ်၌ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်းနှင့်အတူ တွေ့ရစဉ်

၁၈-၅-၂၀၁၄ နေ့တွင် ကွယ်လွန်သွားသော KNU တပ်ဖွဲ့မှူး ဦးစောသူမူဟဲနှင့် ငြိမ်းချမ်းရေး ရယူစဉ်က ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်လှ၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်၊ တိုင်းမှူး ဗိုလ်ချုပ် ကက်စိန်၊ တပ်မမှူးဗိုလ်မှူးကြီးဟန်တင့်တို့ ပုံပါအတိုင်း တွေ့ဆုံခဲ့ကြသည်။

ရဲနှင့်ပေါင်း၍ မူးယစ်ဆေးရောင်းဝယ်နေသော အိမ်ကို ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့ ၀င်ဖမ်း

ကချင်ပြည်နယ် မန် ခိန်ဆရာကထောင်ရပ်ကွက်ရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် အိမ်တွင် ရဲဝန်ထမ်းနှစ်ဦးနှင့် လူငယ်သုံးဦးကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က မေလ ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီရဲနှစ်ယောက်ကိုတော့ ရဲတပ်ရင်းကိုလွှဲမယ်။ ဟိုသုံးယောက် ကိုတော့ ခြေချုပ်ထားမယ်’’ ဟု စီတာပူရဲကင်းမှူးက ဆိုသည်။

ဖမ်းဆီးရမိသည့် ရဲသားနှစ် ဦးသည် ရဲတပ်ရင်း (၃၀) မှ တပ် သားများဖြစ်ပြီး လူငယ်သုံးဦးမှာ ရွှေစက်နှင့်  မန်ခိန်ဒေသခံများ ဖြစ်သည်ဟု သိရသည်။

ယင်းမူးယစ်ဆေးဝါးရောင်း ၀ယ်သည့် အိမ်သည် ထိုဒေသ တွင် နာမည်ကြီးပြီး မူးယစ်ဆေး ၀ါးရောင်းဝယ်သူ ကိုဘောမ်ဇုန်း သည်လည်း ထောင်လေးနှစ်ကျ ပြီး ပြန်ထွက်လာသူဖြစ်သည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအ ဖွဲ့မှ သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

ယခုဖမ်းမိသည့်အိမ်သည် ရဲများနှင့် ပူးပေါင်းကာလှုပ်ရှားနေ ကြောင်း သတင်းကြားနေသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‘‘ဒီဘောမ်ဇုန်းအိမ်မှာ ရဲတွေ အမြဲတမ်းလှုပ်ရှားနေတယ်ဆို တာတော့   သတင်းကြားနေရ တယ်။  အရင်ကတော့ မရှိဘူး။ ဒါပေမဲ့  ဒီနေ့ စတင်လှုပ်ရှားလိုက် တဲ့ အချိန်ကျတော့ အမှန်တကယ် ထင်ထားတဲ့ အိမ်မှာရဲတွေကို လည်း သွားတွေ့တယ်။ ကျွန်တော် တို့အဖွဲ့ကလည်း လူကိုမုန်းလို့ မဟုတ်ဘူး။ မူးယစ်ဆေးဝါးဆိုတဲ့ အန္တရာယ်ကနေပပျောက်သွားဖို့ ဆက်လက်တိုက်ဖျက်သွားမယ်’’ ဟု သင်းအုပ်ဆရာက ပြောသည်။



Credit to > 7DAY DAILY < Thank

ရေးမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးနှင့် တူတော်စပ်သူကို အဓမ္မကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီး

မော်လမြိုင်၊ မေ ၂၁

မွန်ပြည် ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးရဲလွင်နှင့် ၎င်း၏ တူတော်စပ်သူကို အဓမ္မ ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ကျောင်းရွာ ကျေးရွာအုပ်စု ကန်လှကျေးရွာတွင် ရေးမြို့နယ် NLD နာယက ဦးရဲလွင်သည် တစ်ရွာတည်း နေထိုင်သူအသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မကြံစည်သည်ဟု တိုင်ကြားခံရသဖြင့် စစ်ဆေးလျက်ရှိစဉ် မုဒိမ်းကျင့် ကြံစည်သည်ဟု စွပ်စွဲခံရသူ၏ နေအိမ်တွင် မေလ ၁၆ ရက်နေ့ ည ၇ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာတွင်း ပဋိပက္ခမဖြစ်စေရေးအတွက် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဦးရဲလွင်၏ တူတော်စပ်သူ ဦးအောင်မျိုးလွင်ထံမှ M-16 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ကတ်များနှင့် ဆက်သွယ်ရေး ကိရိယာများကို မေလ ၂၀ ရက်နေ့က သိမ်းဆီးရမိခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အဓမ္မ ကြံစည်မှုဖြင့် တိုင်ကြားခံရသူကို ကျောင်းရွာရဲစခန်း၌ စစ်ဆေးလျက်ရှိစဉ် ဒေသခံ ကျေးရွာသားများ စခန်းရှေ့သို့ ရောက်ရှိလာပြီး ရန်ပြုခဲ့ခြင်းကြောင့် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ပြည်နယ်၊ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ ကိုယ်တိုင် ဖြေရှင်းပေးခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောဆိုသည်။

ဦးအောင်မျိုးလွင်သည် ကျေးရွာအတွင်း သေနတ်တစ်လက် ကိုင်ဆောင် သွားလာလေ့ ရှိသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ယင်းအချိန်က ဖမ်းဆီးခြင်း မရှိဘဲ ဦးလေးတော်စပ်သူ အဓမ္မမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ သို့သော် ပြစ်မှုထင်ရှားပါက ပါတီစည်းကမ်းအရ ထုတ်ပယ်မည် ဖြစ်ကြောင်း ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။

“ဒီကိစ္စတွေက ပါတီနဲ့တော့ မသက်ဆိုင်ဘူး၊ ပါတီဝင်တိုင်း ကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ သူတို့တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တယ်” ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်၌ အဓမ္မကြံစည်သည် ဟု စွပ်စွဲခံရသူကို ရေးမြို့နယ် ရဲစခန်းတွင် ပ- ၁/၂၀၁၄၊ ပစ်မှုဆိုင်ရရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်လည်းကောင်း၊ ဦးအောင်မျိုးလွင်ကို ပ- ၅၉/၂၀၁၄ လက်နက် အက်ဥပဒေ ၁၉(စ) ဖြင့် အမှုဖွင့်ထားသည့်အပြင် တားမြစ်ထားသည့် ဆက်သွယ်ရေး စက်များ တွေ့ရှိခဲ့ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေ (၆၇) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

Credit to > The Voice Weekly < Thank

ဓါတ်ပုံ - ရဲဇာနည် 

မလေးနိုက်ကလပ်၌ ဖမ်းဆီးခံရသူ ၁၇ ဦးတွင် မြန်မာမိန်းကလေး နှစ်ဦးပါဝင်

ရန်ကုန်- မလေးရှားနိုင်ငံ ကပုန်း မြို့ရှိ နိုက်ကလပ်တစ်ခုကို နယ် မြေခံအထူးရဲတပ်ဖွဲ့မှ ၀င်ရောက် ဖမ်းဆီးရာ အကဖြင့် ဖျော်ဖြေတင်ဆက်နေသော မြန်မာအမျိုးသမီးနှစ်ဦးအပါအ၀င် ၁၇ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

မေလ ၁၇ ရက်ညက ကွာလာလမ်ပူမြို့နယ် ကပုန်းမြို့ရှိ နိုက်ကလပ်တစ်ခုအား နယ်မြေခံအထူးရဲတပ်ဖွဲ့နှင့် မှုခင်းအရာရှိ ၂၃ ဦးတို့ဝင်ရောက်ဖမ်းဆီးရာ အခြားနိုင်ငံသား ၁၇ ဦးနှင့်  နိုက်ကလပ်တွင် ကပြဖျော်ဖြေနေသော မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးမိကြောင်း မလေးရှားနိုင်ငံ TV7 သတင်းဌာန၌  ဖော်ပြထားကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသမီးနှစ်ဦး အပါအ၀င် ဖမ်းဆီးရမိသောသူများသည် မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူများ ဖြစ်ကြောင်း ထိုသတင်းဌာနက ဖော်ပြထားသည်။

‘‘ကပုန်းက နိုက်ကလပ်ကို ဖမ်းဆီးတဲ့အကြောင်းကို TV7 က နေ ထုတ်လွှင့်ပြသသွားပါတယ်။ အဲဒီကလပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးခံရတဲ့အကြောင်း ပြောပြ သွားပါတယ်။ ကွာလာလမ်ပူအ နီး ကပုန်းမှာ မြန်မာမိန်းကလေး အတော်များများ နိုက်ကလပ်တွေ မှာ အလုပ်လုပ်ကြပါတယ်’’ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်ပေးနေသာ ကိုသုတစံက ပြောသည်။

Credit to > 7DAY DAILY < Thank


Thursday, May 22, 2014

ဝူခုံးဇာတ်ဆောင်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးခရီး စတင်

မြန်မာပရိသတ်အကြိုက်တွေ့တဲ့ တရုတ်ဇာတ်လမ်းတွဲ Journey to the west က ၀ူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tong ဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ တတိယဇာတ်လမ်းတွဲကို မြန်မာပြည်အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဝူခုံးဇာတ်ဆောင် Mr .Liu Xiao Ling Tong နဲ့ ရန်ကုန်မြို့က ပရိသတ်တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က တရုတ်ဇာတ်ဆောင်ရဲ့ ခရီးဟာ ငြိမ်းချမ်းရေးခရီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
“သူစိတ်ဝင်စားတယ်။ တတိယ ဇာတ်ထုတ်ကို ရိုက်မယ်ဆိုရင် မြန်မာပြည်မှာ ရိုက်ဖို့ စိတ်ကူးရှိတယ်လို့ ပြောပါတယ်။ ဒီဘက်ကတော့ ဘာမှ ပြန်ပြောထားတာ မရှိပါဘူး။ ညှိနှိုင်းထား ခြင်းလည်း မရှိပါဘူး။ သူ့ဆန္ဒပဲ ပြောတာပါ။ ငြိမ်းချမ်းရေး ခရီးသည်အဖြစ်နဲ့ လာတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးလိုလားတဲ့သူတွေဆိုပြီးတော့ သူတို့ကို လက်ခံတယ်။ သူတို့ ပြည်သူတွေထဲမှာ ၀င်ပြီးတော့ ပြည်သူတွေနဲ့တွေ့ချင်တယ်ပေါ့။ အဲဒါ ကျနော်တို့ တွေ့ပေးတယ်။ ဒါပါပဲဗျ။”

ဝူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tongနဲ့ ရန်ကုန်ပရိသတ်တွေ့ဆုံပွဲမှာ ကျောက်တန်းဘက်က မိဘမဲ့စာသင်ကျောင်းတကျောင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ် လို့လည်း ပြောပါတယ်။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဦးစိန်ဝင်းအောင်ကတော့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဝူခုံးဇာတ်ဆောင် မြန်မာပြည်လာတဲ့အချိန်ဟာ သူ့ဇာတ်လမ်းတွဲ Journey to the west အနောက်ဘက်သို့ ခရီးသွားခြင်းကို စကိုင်းနက်ရုပ်သံလိုင်းက အတွဲလိုက် ထုတ်လွှင့်ပြသနေချိန် လည်း ဖြစ်တာမို့ ဇာတ်လမ်း တွဲကြော်ငြာသဘောမျိုး ရောက်လာတာလည်း ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း မန္တလေး၊ နေပြည်တော်နဲ့ ပုဂံတို့ကို သွားရောက်မှာဖြစ်ပြီး မေလ ၂၆ ရက် မြန်မာပြည်က ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

  By ရွှေအောင် (ဒီဗွီဘီ)

ဒေါက်တာ သန်းငြိမ်း ကွယ်လွန်

 အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း (၇၆) နှစ်ဟာ မေလ ၂၁ ရက် မနက် ၇ နာရီက ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။

ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ဆွေမျိုးတော်စပ်သူ ဒေါက်တာသန်းငြိမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ထောင်က ပြန်လွတ်လာပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ အန်အယ်လ်ဒီပါတီက နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

  By ဒီဗွီဘီ


ဒေါက်တာ သန်းငြိမ်း

မြန်မာ့ပြုပြင်ပြောင်းလဲရေး ၈၈ သန်းကျော်ကူညီဖို့ ကန်အစိုးရ အဆိုပြု

  လာမယ့် ၂၀၁၅ ခုနှစ် အမေရိကန်အစိုးရ ဘတ်ဂျက်အသုံး စရိတ်ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အထောက်အပံ့ ဖြစ်စေဖို့ရာ အမေရိကန်ဒေါ်လာ ၈၈ သန်းကျော် အသုံးပြုဖို့ နိုင်ငံခြားရေး ဌာနက အဆိုပြု လျာထားပါတယ်။

ဒီအထဲမှာ မြန်မာစစ်တပ်ကို ပညာပေး သင်တန်းပေးဖို့ အသုံး စရိတ်လည်း ပါဝင်တာပါ။ အောက်လွှတ်တော်မှာ လုပ်တဲ့ မနေ့က ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ကြားနားပွဲတခုမှာတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အနာဂတ်မှာ ဘယ်လိုထိစပ်သွားမလဲဆိုတာ အသေအချာ ဗျူဟာမရှိဘူးလို့ လွှတ်တော်ကော်မတီ ဥက္ကဌက ဝေဖန်သွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ် ဘတ်ဂျက်လျာထားချက်ထဲမှာ IMET လို့ ခေါ်တဲ့ နိုင်ငံတကာ စစ်တပ်တွေကို ပညာပေးသင်တန်းပေးဖို့ ၁၂ ဒဿမ ၅ သန်း အဆိုပြုထားပါတယ်။

ဒီအစီအစဉ်ဟာ ဒေသတွင်းက အနာဂတ်စစ်ခေါင်းဆောင်တွေနဲ့ အမေရိကန် ဆက်ဆံရေး ခိုင်မာတိုးတက်လာဖို့ ရည်ရွယ်သလို၊ အဲဒီစစ်တပ်တွေမှာ အမေရိကန်စစ်တပ်ရဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ လေ့လာနိုင်စေဖို့ ဖြစ် တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မနေ့က အောက်လွှတ်တော် ကြားနာပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံအတွက် လျာထားတဲ့ ဒေါ်လာ ၈၈ သန်းကျော်ထဲမှာလည်း မြန်မာ စစ်တပ်ကို လေ့ကျင့်သင်တန်းပေးဖို့ဆိုတာ ပါဝင်ပါတယ်။ အောက်လွှတ်တော် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးဆပ်ကော်မတီ ဥက္ကဌ Steve Chabot ကတော့ အစိုးရတင်ပြတဲ့ ဒီအစီအစဉ်အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

“အခုအချိန်မှာ ဒီတိုးတက်မှုတွေ ဘာမှ ထပ် ဖြစ်မလာသလိုပဲ အချို့နေရာတွေမှာဆို ပိုတောင် ဆိုးရွားလာပါတယ်။ မြန်မာစစ်တပ်နဲ့ ထိစပ်ဆက်ဆံမှုမှာ IMET ခေါ်တဲ့ စစ်ဖက်ပညာပေးမှုသင်တန်းတွေ ပေး ဖို့ ဒေါ်လာ ၂ သိန်းခွဲ လျာထားတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီစစ်တပ်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု ရပ်သေးတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်းစုတွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်သေးတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာ အပါအ၀င် အခြားလူနည်းစု လူမျိုးတွေအပေါ် ဖိနှိပ်ညှဉ်းပမ်းမှုတွေ ရှိနေတုန်းပါ။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက်ကိုလည်း အဟန့်အတား ဖြစ်နေပါတယ်။”

ဒီလို အခြေအနေမှာပဲ အမေရိကန် အစိုးရအနေနဲ့က မြန်မာစစ်တပ်နဲ့ အနာဂတ်မှာ ဘယ်လို ထိစပ် ဆက်ဆံသွားမလဲဆိုတဲ့ မဟာဗျူဟာ အသေအချာ ချမှတ်ထားတာမျိုး မရှိဘူးလို့ အောက်လွှတ်တော်အမတ် မစ္စတာ Chabot က ဝေဖန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရပိုင်းက ချဉ်းကပ်မှုတွေကိုလည်း မြန်ဆန်လွန်းတယ်ဆိုပြီး စိတ်ပျက်တဲ့အကြောင်း ပြော ပါတယ်။

“ဖွဲ့စည်းပုံဆိုတာကိုလည်း အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင် တာ မရှိပါဘူး။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်အနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတာ အပါအ၀င် စစ်တပ်က အရပ်သားအစိုးရကို ဆက်ပြီး လွှမ်းမိုးထားနိုင်မှာပါ။ ဒါဟာ သမ္မတရွေးချယ်မှု အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးချယ်ခံနိုင်ခွင့်လည်း ကန့်သတ် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျကျ မြန်မာလူထုရဲ့ဆန္ဒကို ထင်ဟပ်နိုင်မလဲဆိုတာ မေးခွန်းရှိပါတယ်။ အခုဆိုရင် နိုင်ငံခြားရေးဝန်ကြီးဟာလည်း အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ရှိပါတယ်။ သမ္မတ အိုဘားမား ကလည်း လာမယ့် နိုဝင်ဘာလထဲမှာ သွားမယ်ထင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ပေးထားတဲ့ ကတိက၀တ်အတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့ အမေရိကန် အစိုးရအနေနဲ့ ဘယ်လို ဖိအားပေး ကိုင်တွယ်မလဲဆိုတာ သိချင်ပါတယ်။”

အောက်လွှတ်တော်ရဲ့ အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီဥက္ကဌ မစ္စတာ Chabot ရဲ့ အခုလို ပြောဆိုမေးမြန်းချက်အပေါ်မှာတော့ - လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က တုံ့ပြန်ရာမှာ လွှတ်တော်ရဲ့ ဒီလို စိုးရိမ်ချက်တွေကို သူတို့အနေနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတိုင်း ပြောဆို တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အများက လက်ခံယုံကြည်နိုင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မျှတပြီး သင့်လျော် မှန်ကန်မှုရှိဖို့ ဆိုတာတွေဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဒီကိစ္စတွေကို ပြောဆိုကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း နေပြည်တော်ကို ရောက်တော့လည်း ဒီကိစ္စတွေရော၊ ရိုဟင်ဂျာတွေ အပါအ၀င် လူနည်းစုလူမျိုးတွေအပေါ် ဆက်ဆံမှု ကိစ္စရပ်တွေကိုပါ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကျနော်တို့ တိုက်ရိုက်ပြောဆိုဆွေးနွေးတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး အောင်မြင်မှုဟာ အမေရိကန် ပြည်ထောင်စုအတွက် ပထ၀ီနိုင်ငံရေးအရပါ မဟာဗျူဟာ ကျပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ အရေးကြီးတဲ့ နိုင်ငံ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတာပါ။”

အာရှဒေသနဲ့ ထိစပ်ရေးဟာဆိုရင် လက်ရှိ အမေရိကန် အစိုးရအတွက်တော့ Asia Pivot ဆိုပြီး အထူးအလေးထားရာ နိုင်ငံခြားရေး မူဝါဒတရပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် ၂၀၁၅ အစိုးရအသုံးစရိတ်ကို ၁ ဒဿမ ၂ ဘီလီယံလျာထား အဆိုပြုပြီး၊ ဒါဟာဆိုရင် ၂၀၁၃ အသုံးစရိတ်ထက် ၅ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်က ၂၀၁၅ အသုံးစရိတ်မှာ ဒေါ်လာ ၈၈ ဒဿမ ၄၅ သန်းလျာထားပြီး၊ ပြီးခဲ့တဲ့ ၂၀၁၃ အသုံးစရိတ်ထက် ၄၃ ရာခိုင်နှုန်း တိုးမြင့်သုံးစွဲဖို့ အမေရိကန်အစိုးရက အဆိုပြုထားပါတယ်။ ဒီငွေတွေဟာ မြန်မာနိုင်ငံတွင်း အရပ်ဖက် အသင်းအပင်း အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာရေးနဲ့ ပြုပြင်ပြောင်းလဲမှု စဉ်ဆက်မပြတ် ဖြစ်နေစေရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်နဲ့ နောက်ပိုင်း အကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ကို သင်တန်းပေးဖို့ ဆိုတဲ့နေရာမှာတော့ အရပ်ဖက်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု စတာတွေကို
အလေးထား သင်တန်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် ထိစပ်ဆောင်ရွက်သွားဖို့ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေ၊ ၈၈ ခေါင်းဆောင်တွေကလည်း အမေရိကန် ပြည်ထောင်စုကို တိုက်တွန်းတာမျိုး ရှိတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

Credit to > ကိုသားညွန့်ဦး (ဗွီအိုအေမြန်မာပိုင်း) < Thank

အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ချပေးခြင်း စည်ပင်သာယာကိုင်တွယ်သည့်မူ ပယ်ဖျက်မည်

အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်ချထားပေးခြင်း အတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ရန်ကုန်စည်ပင်ကသာ စိစစ်ခြင်းမူကို ပယ်ဖျက်တော့ မည်ဟု သတင်းရရှိသည်။

လက်ရှိတွင် လုပ်ငန်းစဉ် အဆင့်ဆင့် အတွက် တာဝန်ယူနိုင်မည့် အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေပြီး ယင်းအတွက် ရန်ကုန်စည်ပင်မှ တာ ဝန်ရှိသူများက အင်ဂျင်နီယာအသင်း၊ အင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရသည်။

စစ်ဆေးရေးအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာများကို အဆိုပါ အသင်းများ၏ အကူအညီရယူ၍ ရွေးချယ်ကာ ရန်ကုန်စည်ပင်မှ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း၊ စစ်ဆေးရေး အဖွဲ့များ
ဖွဲ့စည်းပေးခြင်းဖြင့် တာဝန်ယူဆောင်ရွက်စေမည်ဟု အင်ဂျင်နီယာဌာန အဆောက်အအုံမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ခွဲဝေဆောင်ရွက်ခြင်းဖြင့် ပါမစ်ချထားပေးမှု မြန်ဆန်ခြင်း၊ ဌာနနှင့်ပြည်သူများကြား လာဘ်ပေးလာဘ်ယူကိစ္စများ ကင်းရှင်းခြင်း၊ အဆောက် အအုံများ၏ အရည်အသွေး ပိုမိုစိတ်ချရခြင်းကဲ့သို့သော အကျိုးဆက်များ ရှိနိုင်မည် ဟု မျှော်မှန်းကြောင်း ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံတွင်လည်း ပါမစ်ချထားပေးခြင်း အတွက်

ယင်းကဲ့သို့သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အထက်ပါအရာရှိက ဆက်ပြောသည်။ လက်ရှိတွင် ရန်ကုန်စည်ပင်ကသာ ကိုင်တွယ်ဆောင်ရွက်နေရာ လာရောက် တင်ပြသောဒီဇိုင်းများမှာ ခွင့်ပြုပုံစံနှင့်ကွဲလွဲ၍ ပြန်လည်ရေးဆွဲခိုင်းရသည့်အခါ အချိန်ကြန့်ကြာမှုများ ကြုံကြိုက်နေရကြောင်း ၎င်းကပြောသည်။

မိသားစု အဆောက် အအုံများအတွက် ပိုင်ဆိုင်မှုမှန်ကန်ပါက ၂၁ ရက်၊ အထပ်မြင့်များအတွက် ၄၅ ရက်အတွင်းပါမစ်ချထားပေးမှု ကို ဆောင်ရွက်ပေးမည် ဆိုသော်လည်း ဒီဇိုင်းတင်ပြ ရာတွင်
ခွင့်ပြုပုံစံနှင့် ကွဲလွဲမှုများကြောင့် ပြန်လည်ရေးဆွဲစေခိုင်းရ၍ သတ်မှတ်ချက် ထက်ပိုမိုကြန့်ကြာနေသည်ဟု အထက်ပါစည်ပင်အရာရှိက ပြောသည်။

ဝေမာထွန်း

Credit to > Popular Myanmar News Journal < Thank


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

Credit to > The Voice Weekly < Thank

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရန် ပြည်ထောင်စု လွှတ်တော် ကော်မတီဆုံးဖြတ်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေး ပြင်ဆင်ရန် တောင်းဆိုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ဦးတင်မောင်ဦးက ပြောကြားသည်။

ပုဒ်မ ၄၃၆ အပါအဝင် အဓိကကျသော ပုဒ်မအချို့ကို ပြင်ဆင်ရန် မေလ ၁၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ကော်မတီ အစည်းအဝေး တစ်ရပ်၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး မည်သို့ ပြင်ဆင်မည်ဆိုသည့် အချက်ကို ထုတ်ဖော် ပြောဆိုနိုင်မည် မဟုတ်ကြောင်း ကော်မတီဝင်များက ရှင်းပြသည်။

“၄၃၆ (က) ရော၊ (ခ) ရော ပြင်မှာ ဖြစ်ပါတယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အရေးကြီးဆုံး အခန်းဖြစ်သည့် အခန်း (၁၂) ရှိ ပုဒ်မအားလုံးကို လိုအပ်သလို ပြုပြင်မည် ဖြစ်သော်လည်း မည်သည့် အဆင့်အထိ ပြင်ဆင်မည်ကို ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေနှင့် မေလ ဒုတိယပတ်မှ စတင်ကာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆက်တိုက် ဆောင်ရွက်လျက်ရှိပြီး အခန်း (၁၂) ၌ ပါရှိသော ပုဒ်မများနှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်ပြီး ဖြစ်ကြောင်း၊ ယခု ဆက်လက်၍ အခန်း (၁) နိုင်ငံတော် အခြေခံမူများနှင့် ဆက်စပ်သည့် ပုဒ်မ ၂၀ ခန့်အထိ ပြင်ဆင်မှု ပြုလုပ်ပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ပုဒ်မ ၄၃၆ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဓိက အငြင်းပွားဖွယ် ဖြစ်နေသော ပုဒ်မများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်မည် မဟုတ်ဟု ပြောဆိုနေကြသည်မှာ မှားယွင်းကြောင်း၊ ယခု အခန်း (၁၂) ပုဒ်မအားလုံး အပါအဝင် ပြည်သူက ပြင်ဆင်ရန် လိုလားသော ဥပဒေ ပုဒ်မများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ရှင်းပြသည်။

“အခုလွှတ်တော် ကော်မတီဝင် ၃၁ ယောက်မှာ ဦးတို့ပါတီက ၁၄ ယောက်လောက် ပါပါတယ်။ ဒီပုဒ်မတွေပြင်ဖို့ အားလုံးနဲ့ ပူးပေါင်းပြီး ဦးဆောင် လုပ်ကိုင်နေပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၎င်းကဆိုသည်။

သို့သော် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေနှင့် ဥပဒေ ပုဒ်မများကို ပြင်ဆင်ခွင့် မရှိကြောင်း၊ ပြင်ဆင်သင့်သည့် ဥပဒေပုဒ်မအလိုက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်နိုင်သည် အထိသာ တာဝန် ပေးအပ်ထားကြောင်း ဦးတင်မောင်ဦးက ထပ်မံရှင်းပြသည်။

ပြည်ထောင်စုလွှတ်တော် ကော်မတီက ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီး ပုဒ်မများကို ပြင်ဆင်ရန် လွှတ်တော်သို့ အကြံပြု လာသည့်တိုင် မဲခွဲဆုံးဖြတ်သည့်အခါ အနိုင်ရရန် ခက်ခဲမည် ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က နိုင်ငံရေးတွင် တပ်မတော်၏ လက်ရှိ ရယူထားသည့် ကဏ္ဍကို စွန့်လွှတ်လိုဟန် မရှိကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ဦးဆောင်ကာ လူထုဆန္ဒ ရယူဆောင်ရွက်နေမှု များမှာလည်း ရည်ရွယ်ချက်အတိုင်း အောင်မြင်ရန် ခက်ခဲပြီး နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့ စိုးရိမ်နေသည့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနိုင်ခြေမှာလည်း နည်းပါးကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီးမှသာ တပ်မတော်က ၄၃၆ နဲ့ ပတ်သက်လို့ ဖြေလျှော့တာမျိုး လုပ်မဲ့သဘောပါ” ဟု ဦးရဲထွန်းက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေး မြို့တော်များတွင် လူထုဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ပြီး တပ်မတော်က အာဏာ မမက်မောကြောင်း ပြသရန် အခြေခံဥပဒေကို ပြင်ဆင် ပေးသင့်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဓိက ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက အခန်း (၁၂) ပုဒ်မ (၄၃၆) အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန် လိုအပ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်ကြောင်း ပြဋ္ဌာန်း ကန့်သတ်ထားသည်။

Credit to > The Voice Weekly < Thank


သင်္ဃန်းကျွန်းဇ၀နကMusic Zone ကိစ္စဘယ်လိုရှင်းကြမလဲ

 ရန်ကုန်တိုင်း  ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နရပ် ကွက်ရှိ သီရိဧရာလမ်း၊ သီရိဇေ ယျာလမ်းနှင့် သီရိဟေမာလမ်းတို့ ၏ အနောက်ခြမ်းနှင့် သရက် တော လမ်းကြားအလယ်တွင် မြေပိုများရှိခဲ့သည်ဟု သိရသည်။

၎င်းမြေပိုများသည်ရပ်ကွက် တည်စဉ်ကာလကတည်းက ပန်း ခြံ၊ ကစားကွင်း၊ မီးတားနယ်ဟု သတ်မှတ်ထားသော မြေနေရာ ဖြစ်ပြီး သီရိဧရာလမ်းထိပ်တွင် စည်ပင်ရေ မိန်းပေါက်ထားရှိပြီး ထိုမိန်းမှ ရပ်ကွက်တွင်းသို့ ရေပိုက် များသွယ်တန်းထားသည်ဟု သိရ သည်။

သီရိဟေမာလမ်းထိပ်တွင် ရပ်ကွက်ကောင်စီရုံဆောက်လုပ် ထားပြီး ၎င်းကောင်စီရုံနှင့် သီရိ ဧရာလမ်းထိပ်ရေမိန်းပေါက်ကြား တွင် မြေပိုများရှိခဲ့ကြောင်း သိရ သည်။

တပ်မတော်အစိုးရလက်ထက် က ဗိုလ်ချုပ်ကြီးခင်ညွန့်သည့် ဇ၀နရပ်ကွက်အတွင်းရှိ အမက (၈) ကျောင်းသို့လာရောက်စဉ် ထိုမြေပိုပေါ်တွင် တဲတစ်လုံးတွေ့ ၍ မေးမြန်းခဲ့ကြောင်း သိရသည်။

““ဗိုလ်ချုပ်ကြီးခင်ညွန့်ကမေး လာတဲ့အခါမှာ အဲဒီနေရာက အလေးမရုံလုပ်ထားပါတယ်လို့ ပြောတော့ အလေးမရုံအတွက် ဆိုပြီး ဘယ်ကနေဘယ်အထိဆို ပြီး လက်ညှိုးထိုးပြီး ပေးခဲ့တယ်။ ဒီလိုပေးသွားတဲ့အတွက်အလေးမ ရုံက နေရာအကျယ်ကြီး ရသွား တယ်””ဟု ဒေသခံတစ်ဦးကဆို သည်။

ရပ်ကွက်ကောင်စီရုံးနှင့်ကပ် လျက်၌အနှေးယာဉ်ရုံးအဆောက် အအုံတစ်ခုထွက်ပေါ်လာရာတွင် ၎င်းမြေနေရာကို ပြည်ခိုင်ဖြိုးက နေရာချထားပေးသလိုလိုမြို့တော် ၀န်က နေရာချသလိုလိုသာကြား သိရကြောင်း ၎င်းကထည့်သွင်း ပြောကြားသည်။ အလေးမရုံနှင့် အနှေးယာဉ်ရုံးကြား မြေကွက်ကို ပြည်ခိုင်ဖြိုးမှ အမည်မသိတစ်ဦး ပိုင်ဆိုင်သည်ဟု ကြားသိရပြီး ၎င်း မြေများကို ငှားရမ်းခြင်းနှင့်ရောင်း ချခြင်းများ ပြုလုပ်ခဲ့သည်ဟု ရပ် ကွက်သားတို့က ဆိုသည်။

““န၀တ ခေတ်တုန်းက သု မင်္ဂလာလမ်းမကြီးနဲ့ နီးတဲ့နေရာ မှာ ၀င်းခတ်ပြီးတော့ ကျောက်ခွဲ စက်တွေထားခဲ့ပါတယ်။ ကျောက် ခွဲစက်ထားရာကနေ “ခိုင်မြဲ”နာမည် နဲ့ စင်တင်တေးဂီတနဲ့ ဘီယာဆိုင် ဖွင့်ခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရန်ပုံငွေအတွက် ငွေပေးရ တယ်လို့ ကြားရတယ်””ဟု ရပ် ကွက်တွင်းနေထိုင်သူတစ်ဦးက ဆိုသည်။

ထို့နောက် ၂၀၁၂ ခုနှစ်တွင်  ယခု"Music Zone"  အမည်ဖြင့် ဖွင့်လှစ်သောKTV  အနှိပ်ခန်းနှင့် စင်တင်တေးဂီတဆိုင်ကို စတင် ဆောက်လုပ်ခဲ့ရာအဆိုပါအဆောက် အအုံစတင်ဆောက်လုပ်စဉ်က တည်းကစည်ပင်သာယာရေးဌာန မှချမှတ်ထားသော ပိုင်ရှင်အမည်၊ ဆောက်လုပ်သည့်ကန်ထရိုက်တာ အမည်နှင့် စည်ပင်ခွင့်ပြုအမိန့် ဆိုင်းဘုတ်မထောင်ခဲ့ကြောင်း သိ ရသည်။

““အဆောက်အအုံ စတင် ဆောက်လုပ်စဉ်ကာလကမှ ကျွန် တော်တို့က ပိုင်ရှင်အမည်၊ ခွင့်ပြု သည့်အဖွဲ့အစည်းကို မေးတယ်။ လုံးဝမေးလို့မရခဲ့ဘူး။ တိုင်းပြည် ပိုင်မြေပေါ်မှာ ခွင့်ပြုမိန့်ဆိုင်း ဘုတ်မထောင်ဘဲ ကြီးမားတဲ့ အဆောက်အအုံကြီးဆောက်လုပ် ခဲ့တာကတော့ အံ့သြဖို့ကောင်း တယ်””ဟု ဒေသခံတစ်ဦးက သုံး သပ်ပြောကြားသည်။

Music Zone Restaurant ကို မတ်လ ၃၀ ရက်၊ ၂၀၁၄ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိ ရသည်။

““ပထမဘာလုပ်မှန်းမသိဘူး။ ဘယ်သူပိုင်၊ ဘယ်သူကခွင့်ပြု တယ်ဆိုတာ မသိရဘူး။ အရင် ဖွင့်သွားတဲ့ ခိုင်မြဲဆိုင်က ရပ်ကွက် ခံဖြစ်၍ သည်းညည်းခံခဲ့တယ်။ ယခုလာဖွင့်တဲ့လူက ဘယ်ကမှန်း မသိဘူး။ ကောင်မလေးတွေက ဘောင်းဘီတို၊ စကပ်တိုတွေနဲ့ ကားအနက်တွေ အများကြီးလာ တာတွေ့ရတယ်။ ဘန်ကောက် ထက်သာတယ်။ လူကြီးတွေနဲ့ ပတ်သက်တယ်လို့ ကြားရတယ်။ လူကြီးတွေ စီးပွားရှာ၊မရှာဆိုတာ ကို စိတ်မ၀င်စားဘူး။ဒီအဆောက် အအုံကို စဆောက်ကတည်းက ဥပဒေကို ချိုးဖောက်နေတယ်လို့ မြင်တယ်။ ဒီလိုဆောက်ဖို့အတွက် လာဘ်ပေးလာဘ်ယူတွေ လုပ် ထားတယ်လို့ ကြားရပါတယ်””ဟု ရပ်ကွက်နေ ဦးမြင့်လွင်က ပြော သည်။

ရပ်ကွက်သူရပ်ကွက်သားများ မှ မူလလမ်းဟောင်းပြန်လည် ဖောက်လုပ်ခွင့်ပြုရန်အတွက် မြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးသို့ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာ  ၂၂ ရက်နှင့် ၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက်တွင် တင်ပြခဲ့ကြောင်း သိ ရသည်။

ယင်းသို့တင်ပြရာတွင် သီရိ ဇေယျာလမ်းမှ သုမင်္ဂလာလမ်းမ ကြီးသို့ သွားရောက်နိုင်သည့် အကျယ် ၁၅ ပေရှိသောလမ်းကို ပြန်လည်ဖောက်လုပ်ခွင့်ပြုရန် အတွက် ထည့်သွင်းတင်ပြထား ကြောင်း သိရသည်။

““ကျွန်တော်တို့ရပ်ကွက်နဲ့ အလွန်နီးကပ်တဲ့နေရာမှာ စားဖို ဆောင်နဲ့ စားသောက်ဆိုင်အလုပ် သမားတွေနေဖို့အတွက် ၂ ထပ် အဆောက်အအုံဆောက်လုပ်တယ်။ ဒီလိုဆောက်ရုံတင်မကသေးဘဲ အများသုံးအိမ်သာမိလ္လာကျင်းကို  ရပ်ကွက်အတွင်း လူနေအိမ်တွေ ရဲ့ ရှေ့မှာထပ်ပြီးတော့ တူးတယ်။ မိလ္လာကျင်း ဆောက်လုပ်နေတာ ကို တားမြစ်ပေးဖို့အတွက် မေလ ၂ ရက်မှာ စည်ပင်မြို့ပြမြေယာ အုပ်ချုပ်ရေးမှူးရုံးကို တင်ပြခဲ့ပါ တယ်””ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်၊ မြို့ပြ၊ မြေယာဌာနသို့ ဇ၀နရပ် ကွက်သူရပ်ကွက်သား(၄၂)ဦးမှ လက်မှတ်ထိုးတင်ပြခဲ့ရာတွင် ရပ်ကွက်နှင့် အလွန်နီးကပ်နေ သော မိလ်္လာကျင်းဆောက်လုပ် ခြင်းကို အမြန်ဆုံးတားမြစ်ပေးရန် နှင့်ဇ၀နရပ်ကွက်သူ ရပ်ကွက်သား  များ၏ အေးချမ်းသာယာမှုကို ထိ ခိုက်စိတ်အနှောင့်အယှက်ပေးနေ သည့်၎င်းင်းဘီယာဆိုင်အား အမြန် ဆုံး ရွှေ့ပြောင်းပေးရန်နှင့် အရေး ယူဖြေရှင်းပေးပါရန်  တင်ပြခဲ့ ကြောင်း သိရသည်။

အဆိုပါတင်ပြချက်များ မှန် ကန်ကြောင်းကို ဇ၀နရပ်ကွက် အုပ်ချုပ်ရေးမှူးဦးလှဝင်းက ထောက်ခံလက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

““ကျွန်မတို့ အခုလို ပြောနေ ရတာက ကျွန်မတို့ရဲ့ သားသမီး တွေ မြင်ပါများရင် အတုယူမှား သွားနိုင်တယ်။ ဆိုင်ဖွင့်ထားတဲ့ ပတ်ဝန်းကျင်မှာဆိုရင် အမက(၈) ရှိတယ်။ ပြီးတော့ Brainworks Total Learning Academy  မှာ ရှိတဲ့ ကလေးငယ်တွေဟာ အင် မတန်နုနယ်တယ်။ သူတို့တွေ အတွက် ထည့်တွက်ပေးကြပါလို့ ပြောချင်တယ်””ဟု မိခင်တစ်ဦးက ဆိုသည်။

၎င်း Music Zone၊KTV၊Massage  (အနှိပ်ခန်း)၊ စင်တင် တေးဂီတ၊ ဘီယာဆိုင်သည် ည သန်းခေါင်ကျော်အထိ ဖွင့်လှစ် ထားမှုကြောင်း ကျောင်းသား ကျောင်းသူများ၊ စာမျက်နိုင်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ရပ်ကွက် သူရပ်ကွက်သားများ အိပ်ရေး ပျက်၊ စိတ်အနှောင့်အယှက်ဖြစ် နေကြောင်းကို ရပ်ကွက်နေ ပြည် သူများထံမှ သိရသည်။

ယင်းဆိုင်ဖွင့်ပွဲအခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပိုင်းမှ တာဝန်ရှိသူအချို့ တက်ခဲ့ ကြောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဇ၀နရပ်ကွက်နေ ရပ်ကွက် သူ၊ ရပ်ကွက်သားများမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်ထံသို့ တင်ပြခဲ့သောကြောင့် မေလ ၁၁ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်ပြည်သူ များနှင့် တွေ့ဆုံခဲ့ကြောင်း ဦးသိန်း ညွန့်ကပြောသည်။

၎င်းကိစ္စရပ်များကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်အား ““ကျွန်တော် ဒီမိုကရေစီ တူဒေးစာစောင်မှာ ဒါနဲ့ပတ်သက် ပြီးတော့လည်း ဆောင်းပါးရေး ဖြစ်ခဲ့တယ်။ ယနေ့ ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်နေ တဲ့  သမ်္မတကြီးဦးသိန်းစိန်ရဲ့ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်း သောအစိုးရ ပေါ်ပေါက်လာ အောင် ကျွန်တော်တို့ ၀ိုင်းဝန်း ကြိုးပမ်း လုပ်ဆောင်ရမယ်ဖြစ် တယ်။ အဲဒီလို လုပ်ဆောင်တဲ့ ကာလမှာ အလွဲသုံးစားပြုသူများ ကို ဘယ်လိုသဘောထားမလဲဆို တာကို ပြောဖြစ်တယ်””ဟု ၎င်း၏ အမြင်ကို ပြောသည်။

ယင်းကိစ္စကို ရပ်ကွက်နေ ပြည်သူများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်မှ သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြ ဆောင်ရွက်ပေးပါရန်အတွက် ကူညီတောင်းခံထားကြောင်း သိရ သည်။            
မျိုးကျော်

Credit to > Hot News Journal < Thank


ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ

 ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေအပေါ် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဆီယံအသင်းရဲ့ သဘောထားတွေဟာ နေပြည်တော်မှာ နောက်ဆုံး ကျင်းပခဲ့တုန်းက အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားတွေအတိုင်း မပြောင်းလဲဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အထိ နိုင်ငံရေးပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ထိုင်းစစ်တပ်က ကြေညာထားတဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

“ထိုင်းတပ်မတော်ကလည်း ဒါဟာ အာဏာလွှဲပြောင်းယူတာ မဟုတ်ဘူး၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်တာသာ ဖြစ်တယ်လို့ သူတို့ပြောထားပြီး ဖြစ်ပါတယ်။ ပြီးရင် သူတို့ရဲ့ လုပ်ဆောင်ချက်ကလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ချက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒါက လောလောဆယ်တော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်းပဲ ရှိပါတယ်။”

စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်နေသလို၊ စစ်တပ်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ သွေးထွက်သံယို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အင်္ဂါနေ့ကပဲ တိုက်တွန်းထားတာပါ။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ကလည်း အာဏာသိမ်းတဲ့ လုပ်ရပ်ဆန်ဆန် စစ်အုပ်ချုပ်ရေးဟာ မလိုလားအပ်တဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ကတော့ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေရဲ့ လိုအပ်ချက်အရ ကန့်သတ်ရတာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ဒါကတော့ဗျာ ဘယ်နိုင်ငံမဆို အရေးပေါ် အခြေအနေမှာတော့ တချို့မူလအခွင့်အရေးတွေကို ကန့်သတ်တာတွေ ရှိတာပါပဲ။ အမေရိကန် နိုင်ငံမှာတောင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ထုတ်ပြန်ချက်တွေကို ကန့်သတ်တာမျိုး၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ မီဒီယာတွေရဲ့ ရေးသားချက်တွေ၊ အင်တာနက် အသုံးပြုမှုတွေကို သူတို့စောင့်ကြည့်တာမျိုးတွေ ရှိခဲ့တာပဲလေ။ ဒါကတော့ ကျနော်တို့က အရေးပေါ် အခြေအနေအရ မဖြစ်မနေ မလွှဲမရှောင်သာ လုပ်ရတဲ့ကိစ္စလို့ပဲ ကျနော်တို့က မြင်ပါတယ်။”

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့အတူ သတင်းမီဒီယာတွေ၊ အထူးသဖြင့် ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့် လုပ်ငန်းတွေကို ပိတ်ပင်တာတွေ ရှိခဲ့တဲ့ အပေါ်မှာတော့ စာနယ်ဇင်းသမားတွေက စိုးရိမ်နေကြတာပါ။ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ဦးအောင်ဇော် ကလည်း သတင်းစာ လွတ်လပ်ခွင့် အတွက်သာမက၊ အပြောင်းအလဲတွေ လုပ်လာကာစ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် ပုံတူးကူးစရာ နမူနာဖြစ်လာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“စိုးရိမ်စရာတော့ အများကြီးရှိပါတယ်။ အရင်ကတည်းကိုက ရှိတာလေ။ ထိုင်းမှာက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က ဒီလိုအခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်ကတည်းက စပြီးတော့ Websites တွေကို ပိတ်တာတွေ၊ ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး Critical ဖြစ်ဖြစ်နဲ့ ရေးတဲ့ဟာတွေကို အသေအချာ ပိတ်ထားတဲ့ ဆိုဒ်ပေါင်းက ရာကျော်ရှိတယ်ဆိုပြီး CPJ တို့ ဘာတို့ကနေပြီးတော့ ကျနော်တို့ သိရတယ်လေ။ ဆိုတော့ အခု မာရှယ်လောပေါ့၊ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ပိုပြီးတော့ တင်းကျပ်မှုတွေရှိမယ်။ နိုင်ငံခြား သတင်းထောက်တွေရော၊ နောက်ပြီးတော့ လောလောဆယ် ထိုင်းနိုင်ငံရေးကို ဖော်ပြနေတဲ့ Local Paper တွေကအစ ပိုပြီးတော့ သတိထားရမယ့်ဟာတွေရှိတယ်။”

“တချိန်တည်းမှာပဲ မြန်မာနိုင်ငံလို မိမိကိုယ်မိမိ Reformist (ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်လို့ ပြောနေတဲ့ စစ်အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်တွေကလည်း ဒီလိုအခြေအနေမျိုးကိုတော့ ကျနော်ထင်တယ် သဘောကျမှာပါပဲ။ Press Freedom လိုချင်တဲ့သူတွေ Independent Media ကို လေးစားလိုက်နာ ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့သူတွေ အတွက်တော့ မကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့ အဲဒါကိုပဲ မြန်မာပြည်မှာ အမြဲတမ်းကျင့်သုံးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန လိုမျိုးတွေ စစ်အစိုးရတဖြစ်လဲ လူတွေကတော့ ဒါမျိုးတော့ သဘောကျမှာပဲလို့ ကျနော်ထင်ပါတယ်။”

စာနယ်ဇင်းသမားတွေ အခွင့်အရေး လှုပ်ရှားနေတဲ့ (CPJ) အဖွဲ့ကလည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့အတူ မီဒီယာတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အင်္ဂါနေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ဂြိုဟ်တုနဲ့ Cable ရုပ်မြင်သံကြားဌာန ၁၀ ခုထက်မနည်းကို ပိတ်ပင်လိုက်သလို၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာလည်း စစ်တပ်က ကြေညာချက်တွေကို လိုအပ်ရင် ကြားဖြတ်ထည့်သွင်းဖို့ ညွှန်ကြားထားတဲ့ အကြောင်းလည်း CPJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နေ့ခင်းကြောင်တောင် အရက်မူးပြီး အငှါးယာဉ်မောင်းကိုထိုးကြိတ် ကားလုယူသူကိုမိ

မေလ(၂၁)ရက်နေ့ မွန်းလွဲ(၁)နာရီ(၁၅)မိနစ်ခန့်က ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင် ကြည့်မြင်တိုင် အလတ်ချောင်းကျေးရွာတွင် နေထိုင်သည့် အသက်(၂၈)နှစ်အရွယ် မောင်စိုးပြည့်မွန်က တက္ကစီတစ်စီးအား တား၍စီးခဲ့ပြီး ကားပေါ်တွင် ၎င်းထိုင်သည့် ယာဉ်နောက်ခန်းမှ အငှါးယာဉ်မောင်းအား သိုင်းဖက်၍  အဆက်မပြတ်ထိုးခဲ့ရာ အငှါးယာဉ်မောင်းက အင်လျားလမ်းရှိ သစ်သီးဆိုင်တန်းရှေ့အရောက်တွင် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း သိရသည်။
ထိုတက္ကစီ၏ အငှါးယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက ဓမ္မစေတီလမ်းပေါ်မှ အင်းလျားလမ်းပေါ် မောင်းလာပြီး ကွန်ပျူတာတက္ကသိုလ်ကျောင်းရှေ့တွင် အမျိုးသားတစ်ဦးက ကားဆက်သွားလို့မရအောင် ကားရှေ့ကပိတ်၍ ကားတားခဲ့ကြောင်း ၊ ၎င်းဘေးရှိ ကားမှန်ချစဉ် ထိုအမျိုးသားက ၎င်းအား လက်သီးနဲ့ထိုးခဲ့ကြောင်း ၊ ကားမောင်းနေစဉ်တွင် လည်ပင်းညှစ်ပြီး ထိုးခဲ့ကြောင်း ၊ ဘယ်သွားချင်လဲ အရောက်လိုက်ပို့ပေးမယ့်လို့ ထိုအမျိုးသားအား ပြောဆိုပေမယ့် မရတာနဲ့ ကားထိုးရပ်ပြီး ကားပေါ်မှဆင်းပြေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အငှါးယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ပေမယ့် စိုးပြည့်မွန်က ထိုအငှါးယာဉ်အား ဆက်လက် မောင်းနှင်ပြီး ထွက်ပြေးသွားခဲ့ရာ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းထောင့်နှင့် အင်းလျားလမ်းထောင့်ရှိ လိုက်ထရပ်ယာဉ်တစ်စီးအား ဝင်တိုက်မိခဲ့ကြောင်း ၊ ယာဉ်ပေါ်ရှိ စိုးပြည့်မွန်အား ယာဉ်ထိန်းရဲနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်တဲ့အတွက် လာရောက်စစ်ဆေးသော ယာဉ်ထိန်းရဲကို စိုးပြည့်မွန်က ထိုးခဲ့တဲ့အတွက် ၎င်းအား ဝိုင်းဖမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုးပြည့်မွန်ဟာ အခင်းဖြစ်စဉ်တွင် အရက်သေစာများ သောက်စားခဲ့ကြောင်းနှင့် ၎င်း၏ကိုယ်ပေါ်၌ အထိုးခံထားရသော ဒဏ်ရာများကို တွေ့ရှိခဲ့ကြောင်း ၊ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ ၊ မရှိကို ဆေးစာထွက်လာမှ သိရှိမည်ဖြစ်ကာ ယခုအခါ စိုးပြည့်မွန်အား ဗဟန်းရဲစခန်းတွင် စစ်ဆေးနေကြောင်း ၊ မူးယစ်ဆေးဝါးသုံးစွဲထားပါက လက်ရှိစွဲဆိုထားသော အမှုများအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း ၊ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာကို စစ်ဆေး မေးမြန်းနေဆဲဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ပြောဆိုခဲ့သည်။
စိုးပြည့်မွန်ဟာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်နေသူဖြစ်ကာ သား ၊ ငါး ရောင်းချနေသူ ဖြစ်ကြောင်းလည်း သိရသည်။
စိုးပြည့်မွန်အား ကမာရွတ်မြို့နယ် ရဲစခန်းတွင် အငှါးယာဉ်မောင်းအား ထိုးကြိတ်ပြီး ယာဉ်လုယူမောင်းနှင်ခဲ့မှုအတွက် အမှုဖွင့်ထားခြင်း ခံရသလို ဗဟန်းမြို့နယ်ရဲစခန်း၌လည်း ယာဉ်တိုက်မှု ၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုတို့အတွက် အမှုဖွင့်ထားခြင်း ခံထားရကြောင်း သိရသည်။
စိုးပြည့်မွန် လုယူမောင်းနှင်ခဲ့သောယာဉ်ဟာ ယာဉ်တိုက်မှု လေးမှု ပြစ်ပွားစေခဲ့ကြောင်းလည်း သိရသည်။

Credit to > EMG < Thank

မြန်မာ့လေကြောင်းက ပြင်သစ်ကုမ္ပဏီမှ လေယာဉ်သစ်ခြောက်စီး ဝယ်ယူမည်

ပြင်သစ်နိုင်ငံရှိ ATR ကုမ္ပဏီမှ မြန်မာ့လေကြောင်းက လေယာဉ်သစ် ခြောက်စင်းဝယ်ယူရန်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ATR လေယာဉ်အကြီးစား ပြင်ဆင်သည့် စက်ရုံဖွင့်ရန် သဘောတူစာချုပ် MOU အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသဘောတူစာချုပ် MOU အား မေလ(၆)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့လေကြောင်းလိုင်းက ATR  လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ လေယာဉ်များကို အသုံးပြု၍ ခရီးစဉ်အများစုကို ပြေးဆွဲပျံသန်းလျက်ရှိရာ အဆိုပါလေယာဉ်များ ပြုပြင်မှု ၊ ပြင်ဆင်မှုများ ပြုလုပ်ရသည့် အခါတိုင်းတွင် ထိုင်းနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ စင်္ကာပူနိုင်ငံများရှိ ATR လေယာဉ်ပြင်စက်ရုံများတွင် သွားရောက်ပြင်ဆင်နေရကြောင်း သိရသည်။
မြန်မာနိုင်င့၌ ATR လေယာဉ်အကြီးစား ပြင်ဆင်သည့် စက်ရုံဖွင့်လှစ်ပြီးပါက ပြည်တွင်းလေကြောင်းလိုင်းများမှ ATR လေယာဉ်များ ပြင်ဆင်ဖို့ လုပ်ငန်းအပ်နှံမှုအပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ ပြင်ဆင်ဖို့ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

Credit to > EMG < Thank

ထိုင်းအဖြစ်မျိုး မြန်မာတွင် ကြုံရန်မရှိဟု ကာကွယ်ရေးဝန်ကြီး ဝေလွင်ပြော

လူထုဆန္ဒပြပွဲများကြောင့် အဓိကရုဏ်းများ ဆင့်ကဲလာပြီး စစ်တပ်က မာရှယ်လောဖြင့် ယနေ့စတင် အုပ်ချုပ်လိုက်သည့် ထိုင်းနိုင်ငံ၏ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံ၌ ကြုံလာစရာမရှိပါဟု ကာကွယ်ရေးဝန်ကြီးက မဇ္ဈိမကို ပြောကြားခဲ့သည်။
“ဒီမှာက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ပွင့်ပွင့်လင်းလင်းလုပ်ပေးနေတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ပြည်သူ့လွှတ်တော်မှာ ပွင့်လင်းစွာဖော်ထုတ်နိုင်တယ်။ ဒါ့အပြင် ဆန္ဒပြခွင့်ကိုလည်း သက်ဆိုင်ရာ စည်းကမ်းချက်များနဲ့အညီ ခွင့်ပြုပေးထားတဲ့အတွက် လွတ်လပ်စွာပြော ဆိုခွင့်တွေလဲရရှိနေတဲ့အတွက် ကျွန်တော်တို့နိုင်ငံဟာ ထိုင်းနိုင်ငံလို ဖြစ်နိုင်စရာမရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု (၈)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဌလည်းဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပင်မအစည်းအဝေးကြီးအပြီးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းနေစဉ်၊ အထူးသဖြင့် အရေးကြီးဥပဒေများ ပြုပြင်နိုင်ရေး၏ အဓိက အတားအဆီးဖြစ်သော ပုဒ်မ ၄၃၆ ကို အမြန်ပြင်ရေးအတွက် နိုင်ငံတစ်ဝန်းဆန္ဒပြပွဲများ ကျယ်ပြန့်နေခြင်းကြောင့် ထိုင်းနိုင်ငံကဲ့သို့ စစ်အုပ်ချုပ်ရေးတစ်ရပ် ပေါ်ပေါက်လာနိုင်သလားဟူသည့် မဇ်္ဈိမ၏ အမေးကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများက “အာဆီယံကာကွယ်ရေးပူးပေါင်းမှုမှသည် ငြိမ်းချမ်းဝေစည်အာဆီယံ အသိုင်းအ၀န်းဆီသို့ ” ဟူသည့် ပူးတွဲကြေညာချက်ကို ယနေ့ နေ့လယ်၌ လက်မှတ်ရေးထိုးအပြီးတွင် ပြည်တွင်း ပြည်ပစာနယ်ဇင်းများအတွက် မေးခွန်းသုံးခွန်းသာ မေးခွင့်ရခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြည်ပ သတင်းထောက်တစ်ဦး၏ တောင်တရုတ်ပင်လယ် အရေးဆိုင်ရာအမေးကိုလည်း ကာကွယ်ရေးဝန်ကြီးက ဤသို့ဖြေကြားခဲ့သည်။
“တောင်တရုတ်ပင်လယ်နဲ့ပတ်သက်လို့ (အာဆီယံကာကွယ်ရေးဝန်ကြီးတွေ) အမြင်ချင်းဖလှယ်တဲ့နေရာမှာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ဖော်ဆွေးနွေးချက်ကို ပြောချင်ပါတယ်၊ ဒီကိစ္စအပေါ် ငြိမ်းချမ်းစွာနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းပြီး ဖြေရှင်းသွားမယ်လို့ သူက ပြောပါတယ်” ဟု အာဆီယံကာ ကွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။
ထို့အပြင် တောင်တရုတ်ပင်လယ်ကိစ္စ အငြင်းပွားနေမှုမှာ နိုင်ငံအတော်များများပါဝင်ပြီး ရှုပ်ထွေးလှသည့် နိုင်ငံရေးကိစ္စတစ်ခုလည်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
“ဒါဟာ အခုမှဖြစ်တဲ့ ပြဿနာအသစ်လည်း မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက် မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အာဆီယံအသိုင်းအ၀န်းထူထောင်ရေးနဲ့ ပတ်သက်တဲ့ နေပြည်တော် ကြေညာချက်မှာလဲ သဘောထားကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီသဘောထားကို အာဆီယံဝန်ကြီးအားလုံးကလည်း ထောက်ခံခဲ့ပါတယ်” ဟု ၎င်းက ဖြေကြားသည်။
“ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံအပါအ၀င် ၁၀ နိုင်ငံတို့မှ ကိုယ်စားလှယ် ၁၇၄ ဦး တက်ရောက်ခဲ့ကြပြီး လာအိုဒီမိုကရက်တစ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် ဒုတိယ၀န်ကြီးလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ဒေါင်ချေးပီချစ်ကမူ မေလ ၁၇ ရက်၌ လေယာဉ်ပျက်ကျမှုကြောင့်ကွယ်လွန်ခဲ့သဖြင့် တက်ရောက်နိုင်ခြင်း မရှိကြောင်းတွေ့ရသည်။
ယနေ့အစည်းအဝေးတွင် တက်ရောက်ကြသူများက အဆိုပါ လာအိုကာကွယ်ရေးဝန်ကြီးအတွက် ၀မ်းနည်းကြေကွဲကြောင်း စာနာထောက်ထားကြောင်း ဖော်ပြခြင်းအပါအ၀င် “အာဆီယံကာကွယ်ရေး ပူးပေါင်းမှုမှသည် ငြိမ်းချမ်းစေမည့် အာဆီယံအသိုင်းအ၀န်းဆီသို့” ဟူသည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသတင်းထုတ်ပြန်ခဲ့သည်။

Credit to > Mizzima < Thank

ဦးဝင်းတင်ဖြစ်စေလိုသည့် ဆန္ဒများ အကောင်အထည် ဖော်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကွယ်လွန်သွားခဲ့ပြီဖြစ်သော NLD သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို တန်ဖိုးထားသည်ဆိုလျှင် သူဖြစ်စေချင်သော နိုင်ငံတစ်နိုင်ငံ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းတစ်ခုဖြစ်လာစေရန် ၀ိုင်းဝန်းကြိုးစားပေးကြရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၀ ရက် တွင် တိုက်တွန်း ပြောကြားလိုက်သည်။
မေလ ၂၀ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သဘာပတိအဖွဲ့ဝင်၊ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားကို ပြုလုပ်ရာတွင် ဒေါ်အောင် ဆန်းစုကြည်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အားလုံးမှာ ကိုယ့်အားနည်းချက်နဲ့ကိုယ် ရုန်းကန်နေရတယ်။ ဒါကြောင့် ရည်မှန်းချက်တွေ လွဲချော်မသွားအောင်လို့ ဆရာ့ကို လေးစား၊ သတိရသောအားဖြင့် ကျွန်မတို့ ကြိုးစားဖို့လိုတယ်” ဟု ပြောသည်။
အဆိုပါ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်ကာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊ NLD ပညာရေးကွန် ရက်၊ အခြားအရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ဦးဝင်းတင် ချစ်ခင်လေးစားသူများ၊ စာနယ်ဇင်းသမားများ တတ်ရောက်ခဲ့ကြသည်။
တစ်လပြည့် အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ စာရေးဆရာ မောင်မိုးသူ၊ ၈၈ အဖွဲ့မှ ကိုဌေးကြွယ်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့ကြသည်ဟု စာရေးဆရာ မောင်မိုးသူက “NLD  ပါတီ စထောင်လိုက်ကတည်းက စားပွဲခုံမှာ ထိုင်ပြီး အလုပ်လုပ်ခဲ့တာ ဦးဝင်းတင်ပဲ” ဟု ဆိုသည်။
ဦးဝင်းတင်သည် ဧပြီလ ၂၁ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ကွယ် လွန်ခဲ့ကာ ကွယ်လွန်ပြီးနောက် ရန်ကုန်မြို့ယုဒဿန်ရိပ်သာတွင် သုံးရက်ကြာ ဂါရ၀ပြုအခမ်းအနားကို ပြုလုပ်ခဲ့ သေးသည်။ ဦးဝင်းတင်ကို ရေဝေးသုသာန်တွင် သဂြိုဟ်သောနေ့၌ လူပေါင်း သောင်းချီ သွားရောက်ဂါရ၀ ပြုခဲ့ကြသည်။
ဦးဝင်းတင်သည် ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးလည်းဖြစ်သည်။
၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးNLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦး လည်းဖြစ်သည်။ ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သူ ဖြစ်သည်။

Credit to > Mizzima < Thank

ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို ကင်ပုန်းဝပ်စောင်ကြည့်ပြီး ဖမ်းမည်

မိုးရာသီကာလအတွင်း ခိုးမှုဖြစ်စဉ်နှင့် ဖောက်ထွင်းမှုဖြစ်စဉ်များမှာ တခြားကာလများထက် ပိုမိုဖြစ်ပွားနေမှုကြောင့် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို ထိရောက်စွာ အရေးယူနိုင်ရန် ယခုနှစ် မိုးတွင်းကာလအတွင်းတွင် စီမံချက်ချကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မိုးရာသီကာတွင်  ပြစ်မှုကျူးလွန်သူများနှင့် မသင်္ကာသူများကို မြို့နယ်အသီးသီးတွင် ရဲတပ်ဖွဲ့မှ ကင်းပုန်းဝပ်ကာ စောင့်ကြည့်စစ်ဆေး ဖမ်းဆီးခြင်း ၊ (၂၄)နာရီ အချိန်ပိုင်းခြားပြီး လှည့်ကင်းပတ်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း သိရသည်။
ခိုးမှုကျူးလွန်သူတွေဟာ ရဲတပ်ဖွဲ့ကိုတွေ့ရင် ရှောင်ပြေးနေတဲ့အတွက် ၎င်းတို့ မမြင်နိုင်တဲ့ နေရာတွေမှာ ကင်းပုန်းဝပ်ပြီး စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ၊ အဆိုပါကဲ့သို့ ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးဖမ်းဆီးသည့် စနစ်ကို မြို့နယ်အသီးသီးတွင် ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မီဒီယာများအား သတင်းထုတ်ပြန်ရာတွင် ယခုလအတွင်း ခိုးမှုကျူးလွန်သူ ဖမ်းဆီးရမိသည့်ခိုးမှုပေါင်း (၃၈၂)မှုနှင့် ဖောက်ထွင်းမှုတစ်ခုကိုသာ သတင်းထုတ်ပြန်ခဲ့ပြီး ခိုးမှုများမှာ ရန်ကုန်တိုင်းအတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

Credit to > EMG < Thank

ကျောင်းများကို ဒေါ်လာသန်း ၈၀ ကမ္ဘာ့ဘဏ်ကူညီ

မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသား ၈ ဒသမ ၂ သန်း တက်ရောက်ပညာသင်ကြားနေသည့် စာသင်ကျောင်းများသို့ ကျောင်းရန်ပုံငွေထောက်ပံ့ခြင်း အစီအစဉ်နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသူကျောင်းသား တစ်သိန်းခန့်အား ပညာသင်ထောက်ပံ့ပေးခြင်း အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရအား ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၈၀ ကူညီသွားမည်ဖြစ်ကြောင်း မေလ ၂၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
“အခွင့်အလမ်းတွေ နည်းပါးပြီး ဝေးလံတဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ပညာရေးကောင်းမွန်စေဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါတယ်” ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။
အဆိုပါ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်င်ရာ ဖွံ့ဖြိုးရေးအဖွဲ့ ရန်ပုံငွေမှ နှစ်ရှည်ချေးငွေ ကန်ဒေါ်လာသန်း ၈၀ အပြင် သြစတြေးလျနိုင်ငံမှလည်း အလှူငွေ ဒေါ်လာသန်း ၂၀ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ကို Myanmar Partnership Multi-Donor Trust Fund အနေဖြင့် ကမ္ဘာ့ဘဏ်က စီမံခန့်ခွဲပြီး ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအာလုံးအတွက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အဆိုပါ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ကျောင်းရန်ပုံငွေ ထောက်ပံ့ရေးစီမံကိန်းကို မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ကျောင်းထောက်ပံ့ကြေး စီမံချက်နှင့် အခြေခံပညာဆင့် ကျောင်းသူကျောင်းသားများအတွက် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ရေး စီမံချက်လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်မှု ရရှိစေရန်အတွက် ကူညီသွားမည်ဖြစ်သည်။ စီမံကိန်းသည် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အဆိုပါ အစီအစဉ် နှစ်ခုကို တိုက်ရိုက် ကူညီသွားမည်ဖြစ်သည်။
ကျောင်းသူ/သားများအတွက် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ရေး စီမံချက်ကို မြို့နယ် ၄၀ တွင် စီမံကိန်းကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။ အဆိုပါစီမံချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ဆန်းစစ်ကြီးကြပ်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင်လည်း ကမ္ဘာ့ဘဏ်က ကူညီသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်၏ အဖွဲ့ဝင် ဒေါက်တာစိုးဝင်းဦး (ဒေါက်တာဘိုင်အို)က “အကျင့်ပျက် ခြစားမှုတွေ ပပျောက်အောင်နဲ့ ကျောင်းတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုပါ စနစ်တကျ ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးတဲ့ငွေတွေဟာ အခြေခံကျောင်းတွေအတွက် များစွာ အထောက်အကူပြုမယ်လို့ထင်ပါတယ်” ဟု ပြောသည်။

Credit to > Mizzima < Thank

ပုဂံယဉ်ကျေးမှုနယ်မြေအနီး တုရင်တောင်တွင် ရေနံတူးမည်

ပုဂံယဉ်ကျေးမှုနယ်မြေအနီး တုရင်တောင်အဖျားတွင် ရေနံတူးဖော်ရန် ဆောင်ရွက်မှုများ ပြုလုပ်သည့်အတွက် ရှေးဟောင်းတုရင်တောင် စွယ်တော်စေတီ အခြားအမွေအနှစ် ပျက်စီးဆုံးရှုံးမှုများရှိလာနိုင်သည်ဟု ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း ပုဂံချစ်သူအဖွဲ့နာယက ဦးမင်းနိုင်က မဇ္ဈိမကိုပြောသည်။
ရေနံတူးဖော်ရန်ပြင်ဆင်သောနေရာသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ၁၀ မိုင်ကျော်အကွာ သဲပြင်တော ကျေးရွာတွင်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ယဉ်ကျေးမှုနယ်မြေအနီးရှိ တုရင်တောင်ဖျားတွင် ရှိနေခြင်းကြောင့် ဒေသခံများနှင့် ယဉ်ကျေးမှုနယ်မြေအတွင်း နေထိုင်နေသူများက စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီဟာကိုတူးလို့ နောက်ဆက်တွဲပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ ရေနံတူးတာကို ချက်ချင်းရပ်ပေးဖို့ ရှေးဟောင်းကို ထုတ်ပြန်အသိပေးမယ်” ဟု ဦးမင်းနိုင်အောင်က ပြောသည်။
ရေနံတူးဖော်ခြင်းလုပ်ငန်းကို မလေးရှား ရေနံကုမ္ပဏီ Petronast က ရေနံတူးဖော်ရန်အတွက် သဲပြင်တောကျေးရွာ တုရင်တောင်ဖျားရှိ လယ်မြေ ၁၅ဧက ကို တစ်ဧက ၁၅ သိန်းနှုန်းဖြင့် ၀ယ်ယူပြီး မြေပေါ်ရှိ သီးနှံများအတွက် သီးနှံလျော်ကြေး သုံးနှစ်စာနှင့် ထန်းတစ်ပင် ကျပ် ၉၀,၀၀၀ ပေးလျော်ကာ ရေနံတူးဖော်ရေးအတွက် အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယင်းရေနံတူးဖော်မှုကို ရှေးဟောင်းယဉ်ကျေးမှုသုတေသနနှင့် စာကြည့်တိုက်များဦးစီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်သည်ကို မသိရှိဘဲ မည်သည့်အကြောင်းကြားမှုမှ မရရှိဘူးဟု နေပြည်တော်ရှိ အဆိုပါရုံးသို့ မေလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မဇ္ဈိမက တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့သည်။
ရေနံတူးဖော်မှုနှင့်ပတ်သက်ပြီး ပုဂံ ရှေးဟောင်းသုတေသနဌာနမှ ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၀ ပြည့်နှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ ပုဂံမြိုသစ်တွင် နေထိုင်သူ ဦးအောင်ကြိုင်က “ ဦးနေ၀င်း ခေတ်တုန်းက တုရင်တောင်ပေါ်မှာကို တူးခဲ့ဖူးတယ်၊ အဲဒီတုန်းကလည်း တွေ့တဲ့ရေနံတွေက အရည်မဟုတ်ဘဲ အခဲလိုလိုတွေ ဖြစ်နေလို့ လက်လျှော့ခဲ့ဖူးတယ်။ အခုဟာက တုရင်တောင်ဖျားဆိုတော့ လက်ရှိတော့ ဘာမှမဖြစ်ပေမယ့် နောက်ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို မသိနိုင်ဘူးလေ” ဟု ဆိုသည်။
ပုဂံရှေးဟောင်းနယ်မြေအနီးတွင် ရေနံတူးဖော်ရန် ဆောင်ရွက်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ၎င်းကိစ္စနှင့်ပတ်သက်ပြီး မသိရှိဘဲ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကို သာမေးရန် ပြောဆိုသော်လည်း ညွှန်ကြားရေးမှူးကို ဆက်သွယ်၍ မရခဲ့ပေ။
လက်ရှိရေနံတူးရန်ပြင်ဆင်နေသည့် သဲပြင်သောင်ကျေးရွာသည် ညောင်ဦးမြို့ နယ်အတွင်းတွင် တည်ရှိနေခြင်းကြောင့် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ငြိမ်းကို တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ ညောင်ဦးသို့ လာရောက်မေးမြန်းမှသာလျှင် ဖြေဆိုနိုင်မည်ဟု ပြန်လည်ဖြေကြားသည်။

Credit to > Mizzima < Thank

လယ်ယာမြေပြဿနာများကြောင့် တိုင်းပြည်ဆူပူလာမည်ကို ဦးအောင်သိန်းလင်း အလွန်ကြောက်ရွံ့

နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် သိမ်းဆည်း လယ်ယာမြေပြဿနာများကို အစိုးရက မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်မည် မဟုတ်သည့်အတွက် တိုင်းပြည်ဆူပူမှုဖြစ်လာမည်ကို ကြောက်ရွံ့နေရသည်ဟု ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောဆိုလိုက်သည်။
သိမ်းဆည်းခံ လယ်ယာမြေပိုင်ဆိုင်သူများ၏ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ ဆူပူမှုဖြစ်မည်ကို ကြောက်နေကြောင်း နအဖ အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဆန္ဒပြမှုတွေက တစ်နေ့တခြားများလာပြီ။ များလာတဲ့အခါကျတော့ အဲ့ဒါတွေစုပေါင်းသွားပြီးတော့မှ အထွေထွေသပိတ် လိုဟာမျိုးကြီးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီ နောက်ပြန်လည်သွားမယ်။ အဲ့ဒါမျိုးတွေဖြစ်လာမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။
လယ်သမားတို့၏ နစ်နာဆုံးရှုံးမှုအပေါ် အစိုးရကထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုမရှိဟု လယ်သမားထုက ယူဆလိုက်သည်နှင့် ဆူပူမှုများဖြစ်ပေါ်နိုင်သည်ဟု ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ဦးတင့်ဇော်ဦးကလည်း သုံးသပ်သည်။
“ဥပေက္ခာပြုတယ်လို့ ယူဆပြီ ထင်ပြီ ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယ ဆရာစံဆိုတဲ့ အရေး တော်ပုံကြီး ပေါ်နိုင် ပါတယ်” ဟု ၎င်းက ပြောသည်။
လယ်ယာမြေ ပြဿနာအားလုံးကို ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီအမီ (ဇွန်လ ကုန်မတိုင်မီ)နှင့် ဆောင်းသီးနှံ စိုက်ပျိုးရာသီ (စက်တင်ဘာလမတိုင်မီ) မူလပိုင်ရှင်များထံ အပြီးသတ်ပြန်ပေးရန် ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလအတွင်း၌ အစိုးရကို တိုက်တွန်းထားသည်။
သို့သော် လက်တွေ့အခြေအနေတွင် ဖြစ်နိုင်မည်မဟုတ်ဟု ဦးအောင်သိန်းလင်းက ဝေဖန်လိုက်သည်။
“ဘယ်သူ့ကို ပြန်ပေးရမလဲဆိုတဲ့ ပြဿနာကတချို့ဟာတွေမှာ တော်တော် ဆုံးဖြတ်ရခက်တယ်။ တချို့ဟာတွေ ကျတော့ တရားမကြောင်းနဲ့ ဆုံးဖြတ်ပြီးတော့မှ ပြီးပြတ်မယ့်ဟာတွေ ရှိနေတယ်။ အဲဒါမျိုးကျတော့ ကြာတာ ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေကော်မရှင်က စုံစမ်းထားသည့် မြေယာ ပြဿနာအမှုပေါင်း ၇၄၅ မှုကို ဖြေရှင်းရန် ဒု-သမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုကို စီမံခန့်ခွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လက်ရှိတွင်ဖြေရှင်းလျက်ရှိသည်။
ယင်းကော်မတီကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး လယ်ယာမြေပြဿနာများကို တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ကို ပြောဆိုထားခဲ့သည်။
ကျေးလက်ပြည်သူတို့ အခက်အခဲကို အဓိက ဖြေရှင်းပေးမည်ဟု ပြောဆိုထားသည့် သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်ကျော်လာသော်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုအများစုမှာ လယ်ယာမြေ ပြဿနာများကြောင့် ဖြစ်နေသည်။

Credit to > Mizzima < Thank

မန္တလေးတွင် ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ အူရီးဒူးက စိုက်ထူမည်

အူရီးဒူး(Ooredoo) ကုမ္ပဏီက သရီးဂျီ (3G)  စနစ်ဖြင့် ပြည်တွင်းဖုန်းခေါ်ဆို စမ်းသပ်မှုကို မေ ၁၉ရက်တွင် စမ်းသပ်ပြသခဲ့ပြီး လိုင်းကတ်များကို ရောင်းချရန် ဆက်သွယ်ရေးတာဝါတိုင် ၁၀၀ ကို မန္တလေးတိုင်းအတွင်းစိုက်ထူသွားမည်ဟု ကုမ္ပဏီမှ နည်းပညာနှင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာတာဝန်ရှိသူဖြစ်သည့် John Farhat က ပြောသည်။
“3G ကွန်ရက်နဲ့ ဖုန်းခေါ်တာ အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ပထမဆုံးဖုန်းခေါ်ဆိုမှုကို စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်းမှာလည်း တာဝါတိုင် ၁၀၀ ကိုလည်း စိုက်ထူသွားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
“ရောင်းချမယ့် ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ တိုင်စိုက်ထူဖို့ မြေနေရာအခက်အခဲရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှန်းထားတဲ့ ရက်ထက်နောက်ကျမှ ရနိုင်ပါတယ်။ ရန်ကုန်မှာတော့ ကျွန်တော်တို့ အထပ်မြင့်မှာ တပ်ဆင်မယ့် တာဝါတိုင်တွေရဲ့ဝန်ကို ခံနိုင်တဲ့ တိုက်မြင့် မရှိသေးတာကြောင့် မြေနေရာတွေကိုရှာနေပါတယ်။ မန္တလေးမှာလည်း ခွင့်ပြုချက်ရတာနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု John Farhat က ဆက်ပြောသည်။
တာဝါတိုင်အသစ်များ ထပ်မံစိုက်ထူနိုင်ခြင်းမရှိသေးသော်လည်း ZTE ကုမ္ပဏီနှင့် အခြားကုမ္ပဏီများ ပူးပေါင်းကာ တာဝါတိုင်ပေါင်း ၁၀၀ ကျော်ကို စိုက်ထူထားရှိပြီး ဖြစ်သည်။
ထပ်မံစိုက်ထူရန် ၂၁ နေရာ ရွေးချယ်ပြီး မေလဆန်းက ခွင့်ပြုချက် တောင်းခံထားသော်လည်း ခွင့်ပြုချက်မပေးသဖြင့် လိုင်းကတ်များကို ရောင်းချပေးရန် စီစဉ်သွားမည် ဖြစ်သည်။
လိုင်းကတ်ရောင်းချရန် သြဂုတ်လတွင် ပြင်ဆင်ထားခဲ့သော်လည်း လက်ရှိအနေအထားများအရ ရောင်းချရန် မလွယ်ကူသေးဘဲ လအနည်းငယ်နောက်ကျနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
3G စနစ်နှင့် ဖုန်းခေါ်ဆိုမှု ရှင်းလင်းပြသခဲ့သော်လည်း အင်တာနက်သုံးစွဲနိုင်မှုနှင့် Video Call စမ်းသပ်ခေါ်ယူမှုကို လုပ်ဆောင်နိုင်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခဲ့ခြင်း မရှိခဲ့ပေ။

Credit to > Mizzima < Thank

တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည်

ယခုနှစ် မိုးရာသီလုပ်ငန်းစရိတ် ချေးငွေမှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းက မေလ ၁၉ ရက်က သုဝဏ္ဏမိုးလုံလေလုံ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိ ကန်ဒေါ်လာသန်း ၇၀၀ ချေးယူခွင့်ရရှိထား သည့်အထဲမှ ပထမအရစ် ဒေါ်လာသန်း ၁၀၀ ကို သမ၀ါယမ၀န်ကြီးဌာနက ချေးငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ချေးပေးရန် အနည်းဆုံးလိုအပ်သည့်ငွေမှာ မြန်မာကျပ်ငွေ ဘီလီယံ ၆၀၀ မှ ၃,၀၀၀ ကျော် အထိဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါအခမ်းအနားတွင် ပြောသည်။
ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချလိုက်ခြင်းဖြစ်သည်။
ယင်းသို့လျှော့ချလိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးကျပ်ခွဲနှုန်းသာ ရှိသည့်အတွက်ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း မိုးသီးနှံချေးငွေ သိန်း ၂၆,၇၄၈ ကျော်ထုတ်ချေးပြီး အရစ်ကျ ငွေချေစနစ်ဖြင့် သိန်း ၁၀,၈၃၇ ကျော် တန်ဖိုးရှိ လယ်ထွန်စက် ၆၃၁ စီးနှင့် သိန်း ၇,၀၁၂ သိန်းတန်ဖိုးရှိ အပ်ချုပ်စက်၊ ဆိုက္ကား အ ပါအ၀င် လုပ်ငန်းသုံးပစ္စည်းကိရိယာ ၂,၀၄၄ ခုအတွက် ထုတ်ချေးပေးသွား မည်ဖြစ်သည်။
ထို့ပြင် အသေးစားအရင်းအနှီးချေးငွေ မရရှိသေးသည့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် မိုးရာသီလုပ်ငန်း စရိတ်အဖြစ် ချေးငွေကျပ် ဘီလီယံ ၅၀ (ကျပ်သန်းပေါင်း ငါး သောင်း)ကို မေလနှင့် ဇွန်လ၌ တစ်ကျပ်ခွဲ အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု ၀န်ကြီးဦးကျော်ဆန်းက ပြောသည်။
ယခင် ချေးထားတဲ့ချေးငွေများအတွက် ယခင်အတိုးနှုန်း နှစ်ကျပ်ခွဲနှင့် ဆက်လက် ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ၎င်းအတိုး နှုန်းများကိုလည်း လျှော့ချနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း က ထည့်သွင်းပြောကြားခဲ့သည်။
သမ၀ါယမ၀န်ကြီးဌာနမှ အသေးစား အရင်းအနှီးချေးငွေတွင် စိုက်စရိတ်ချေးငွေကို တစ်ဧကကျပ် တစ်သိန်း နှုန်းဖြင့် အများဆုံး ငါးဧက သာထုတ်ချေးပေးပြီး ငွေချေး ယူသူသည် ငွေချေးတိုင်း ၁၀ ရာခိုင်နှုန်းစုဆောင်း ရပြီး သီးနှံထွက်ရှိမှု ကာလ အလိုက် အရစ်ကျပေးချေရမည်ဖြစ်သည်။

Credit to > Mizzima < Thank

ဓားစာခံခေါ်ထားသည့် တရုတ် နိုင်ငံသားများကို ပြန်လွှတ်ပေးပြီ

လက်ပံတောင်း ဒေသခံများက ၂၄ နာရီကျော်ကြာ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို မေလ ၁၉ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။
သို့သော် နိုင်ငံခြားသားများကို ၂၄ နာရီကျော် ထိန်းသိမ်းထားသည်ဆိုကာ ဓားစာခံ ခေါ်ယူမှုဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိက ပြောသည်။
“ဒေသခံငါးဦးကို အမှုဖွင့်အရေးယူ ထားပါတယ်။ သူတို့ရဲ့အမှုတွေကိုလည်း ဖြေလျော့တဲ့အနေနဲ့ နေ့ချင်းပြီး တရားစွဲ ဆိုလို့ ပြီးပြတ်အောင် ဆောင်ရွက်ပေးသွား မှာပါ”ဟု ၎င်းကပြောသည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းစီမံကိန်းဒေသရှိ ဆည်တည်း ရွာဟောင်းကျေးရွာတွင် မေလ ၁၈ ရက် နံနက်ပိုင်း၌ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံသားနှစ်ဦးကို အခုပဲ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိပါတယ်။ဒေသခံရွာသားတွေက သူတို့နှစ်ဦးအပေါ် ညှဉ်းပန်းနှိပ်စက်တာ။ အနိုင်အထက် ပြုကျင့်တာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး” ဟု ရဲမှူးကြီးနေထွန်းက မေ ၁၉ ရက် ညနေ ပိုင်းတွင် ပြောသည်။
လက်ပံတောင်းတောင် စီမံကိန်း အတွင်းရှိ မြေယာလျော်ကြေးမယူသေးသည့် မြေနေရာများတွင် ခြံစည်းရိုးခတ်သည်ဟု ဆိုကာ အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးနှင့် မြန်မာဝန်ထမ်း ယာဉ်မောင်းတစ်ဦးကို ဒေသခံ တောင်သူများက ခေါ်ယူ ထိန်းသိမ်း ခဲ့ရာတွင် မြန်မာဝန်ထမ်းဖြစ်သူကို မေလ ၁၈ ရက်ညကတည်းက လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြန်လွှတ်ပေးခြင်းအတွက် ၀မ်ပေါင် ကုမ္ပဏီကလည်း အကူအညီပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်း သတင်း ထုတ်ပြန်သည်။

Credit to > Mizzima < Thank

မီးပူဇော်ရာမှ ဘုန်းကြီးကျောင်းဆောင် မီးလောင်ခဲ့၍ ကျပ်(၇)သိန်းကျော် ဆုံးရှုံးခဲ့

မေလ(၁၉)ရက်နေ့ မနက်(၉)နာရီခွဲအချိန်ခန့်က ကျောက်တန်းမြို့နယ် တံတားမြို့နယ်ခွဲ၊ ရပ်ကွက်(၃)၊ အေးစေတီ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင် အပေါ်ထပ်ဘုရားခန်းတွင် မီးပူဇော်ထားရှိသော လျှပ်စစ်ဝါယာကြိုးမှ ရှော့ဖြစ်ကာ  မီးလောင်ခဲ့၍ ကျပ်(၇)သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရပ်ကွက်နေ ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင်မနက် (၉)နာရီ မိနစ်(၅၀)ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ယင်းသို့ မိနစ်(၂၀)ခန့် လောင်ကျွမ်းခဲ့သည့် မီးကြောင့် သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်(၁)ဆောင် မီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၇၂၉၀၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ တာဝန်ရှိသူ ဂေါပကဥက္ကဌ ဦးအောင်မြင့်အား ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်း၌ (ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်မယားရန်ဖြစ်တာ ဝင်ဖျန်ဖြေသူအား ထိုးကြိတ်ရာမှ တုတ်ဖြင့်ပြန်ရိုက်သဖြင့် ခင်ပွန်းသေ

မေလ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၌ အသက်(၂၂)နှစ်အရွယ် သက်ဦးနှင့် အသက်(၃၀)နှစ်အရွယ် စိန်ဝင်းရွှေတို့ နှစ်ဦးသည် အရက်အတူသောက်ခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့စဉ် စိန်ဝင်းရွှေ၏နေအိမ်ရှေ့အရောက်၌ အရက်သောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး စိန်ဝင်းရွှေနှင့် ၎င်း၏ဇနီးတို့ စကားများခဲ့ကြကြောင်း သိရသည်။
ယင်းသို့ စိန်ဝင်းရွှေတို့လင်မယား စကားများတာကို ဝင်ဖျန်ဖြေဟန့်တားသည့် သက်ဦးအား စိန်းဝင်းရွှေက ထိုးကြိတ်ကန်ကျောက်ခဲ့သဖြင့် သက်ဦးမှ နေအိမ်ရှေ့ရှိ အရှည်(၁)ပေခွဲ၊ လုံးပတ်(၁၀)လက်မခန့်ရှိ သစ်သားတုံးဖြင့် စိန်ရွှေဝင်းအား ရိုက်နှက်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သက်ဦးက တုတ်ဖြင့်ရိုက်ခဲ့သဖြင့် စိန်ဝင်းရွှေ၌ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ နှစ်ချက် ရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၁၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ သက်ဦးအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ ထွက်ပြေးတိမ်းရှောင်သွားသော သက်ဦးအား ညနေ(၄)နာရီခွဲ အချိန်ခန့်တွင် ခရမ်းချောင်းရေထိန်းတံခါးရှိ ပိန်းကန်ကျေးရွာသို့ထွက်ခွာမည့် စက်လှေပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။