Pages

Monday, June 16, 2014

အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား အမြန်ဆုံး ပြန်လွှတ်ပေးရေး စာနယ်ဇင်းရှင်းလင်းပွဲလုပ်ရန် နေရာငှားမရ

မဟာသန္တိသုခကျောင်းတိုက်မှ ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သူ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်တွင် ချုပ်ထားမှုကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဆရာတော် ဦးပါမောက္ခမှ သတင်းစာရှင်းလင်းပွဲလုပ်ရန် နေရာငှားရာတွင် ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ် အပါအဝင် ဘုန်းကြီးကျောင်းများအား ငှားရမ်းရာ ငှား၍မရဘဲ နေရာအခက်အခဲ ရှိနေကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆရာတော်ဦးပါမောက္ခက ဇွန် ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ရည်ရွယ်ထားပြီး နေရာ ငှားရမ်းမရသောကြောင့် သတင်းစာရှင်းလင်းပွဲ မလုပ်ဆောင်နိုင်ကြောင်း ဦးပါမောက္ခက ဆက်လက်မိန့်ကြားသည်။
“ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်ကို ဇွန် ၁၄ ရက် နံနက်ပိုင်းမှာ သွားငှားတော့ ရတယ်ပြောပြီး နေ့လယ်မှာ စရန်ငွေ သွားချေတော့ မရဘူး။ လိမ်ညာပြီးတော့ အခန်းတွေ ပြည့်သွားပြီဆိုပြီး ချိုချိုသာသာနဲ့ ပယ်ချလိုက်တယ်။ အဲဒီကုမ္ပဏီက ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌရဲ့ ဒါယကာရင်း ဖြစ်နေတယ်။ ဟိုတယ်က ရွှေသံလွင်ကုမ္ပဏီက ဆောက်လုပ်ထားတာဆိုတော့ နောက်ကဖိအားတွေကြောင့်လို့ ဘုန်းကြီးအနေနဲ့ ယူဆတယ်။ ဒီခေတ်ထဲမှာ သံဃာအချို့လည်း ခရိုနီ၊ လူကလည်း ခရိုခေတ်မှာဆိုတော့ အမှန်တရားတွေအားလုံး ပျောက်ကွယ်သွားပါပြီ” ဟု ဦးပါမောက္ခက မိန့်ကြားသည်။
စာနယ်ဇင်းရှင်းလင်းပွဲလုပ်ရန် နေရာငှားရမ်းရာတွင် ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ် အပါအဝင် ရန်ကုန်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများကိုလည်း ငှားရမ်းရာတွင် ငှား၍မရဘဲ နေရာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“နေရာငှားလို့မရတော့ လုပ်ရကိုင်ရတာ အခက်အခဲ ဖြစ်တာပေါ့။ သံဃာတော်တွေကို လူဝတ်လဲပြီး ဖမ်းဆီးထောင်ချတာနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ပေါ့။ အခုဟာက နေရာငှားတဲ့ အခါမှာ ရန်ကုန်တိုင်းတစ်ခုလုံးကို လိုက်ပိတ်ထားတဲ့ အခါကျတော့ အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းတွေအပြင် ဟိုတယ်တွေကိုပါ ပိတ်ထားသလို ဖြစ်နေတယ်။ Sky Star ဟိုတယ်ဆိုရင် ရတယ်ပြောပြီး စရန်ပေးခါနီးမှ ပယ်ချလိုက်တာ။ အချို့ဟိုတယ်တွေဆိုရင် ဈေးတွေကို မဖြစ်နိုင်တဲ့ဈေးတွေ မြှင့်လိုက်တယ်။ MJN ကကျတော့ ရုံးပိတ်တယ်ဆိုပြီး ပြောတယ်။ နေရာငှားတဲ့ အခါမှာ အကြောင်းမသိခင်တုန်းကတော့ လိုက်လိုက်လျောလျောနဲ့ ငှားမယ်လုပ်ပြီးမှ မဟာသန္တိသုခကျောင်းဆိုတဲ့အသံ ကြားလိုက်တာနဲ့ မရတော့ဘူး။ ဇွန် ၂ဝ ရက် တာမွေတရားရုံးမှာ ရုံးထုတ်မှပဲ ဆရာတော် ဦးဥတ္တရတို့နဲ့ တွေ့ဆုံပြီး ဘယ်လိုရှေ့ဆက် လုပ်ရမလဲဆိုတာ သိတော့မယ်” ဟု နေရာလိုက်လံ ငှားရမ်းခဲ့ရာတွင် ပါဝင်ခဲ့သည့် ဦးရဲမင်းဦးက ပြောကြားသည်။
မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (အင်္ဂလန်ဆရာတော်) အပါအဝင် သံဃာတော်ငါးပါးကို တိုင်းသံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂ဝ/၉ဝ၊ ပုဒ်မ-၂၉၅ (က) ဖြင့် လူဝတ်လဲကာ တာမွေတရားရုံးတွင် တရားစွဲဆိုထားပြီး လက်ရှိတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံ သံဃာတော်များမှာ ဦးဥတ္တရ (လန်ဒန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒ (နိုင်ငံတော် ပရိယတ္တ သာသနာ့တက္ကသိုလ်၊ ကယားဆောင်အဆောင်မှူး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံးမှာ အာဂန္တုအနေဖြင့် လာရောက် သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားသည်။

Credit to > Eleven Media Group < Thank

No comments:

Post a Comment