Pages

Sunday, July 20, 2014

နှစ်(၃၀)အတွင်း အခမ်းနားဆုံးသော (၆၇)နှစ်မြောက် အာဇာနည်နေ့

၂၀၁၄ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပခဲ့သော  (၆၇)နှစ်မြောက် အာဇာနည်နေ့သည် နှစ်(၃၀)အတွင်း အစိုးရ နှင့် ပြည်သူ ပူးပေါင်းကျင်းပခွင့်ရခဲ့သော အခမ်းနားဆုံး အာဇာနည်နေ့ဖြစ်သည်။
ယခုနှစ်တွင် ရန်ကုန်မြို့ အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အာဇာနည်ဗိမ္မာန်သို့ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း။လွတ်တော်နှစ်ရပ်မှဥက္ကဌများ နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ နှင့် အဖွဲ့ဝင်များ ၊ သံတမန်များ ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအပါအဝင် ပြည်သူများ ၊ ကျောင်းသားများပါ လွတ်လပ်စွာ တက်ရောက်ခွင့်ရခဲ့သည့် နှစ်သုံးဆယ်အတွင်း အခမ်းနားဆုံး အာဇာနည်နေ့ဖြစ်သလို ၁၉၈၈ခုနှစ်နောက်ပိုင်း ပထမဆုံး အစိုးရအဖွဲ့က ဥသြဆွဲပေးသည့် ထူးခြားသည့်နှစ်လည်း ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်ပြတိုက် ၊ ဗိုလ်ချုပ်ကြေးရုပ်နေရာများတွင် ဂါရဝပြုသူများဖြင့် အထူး လူစည်ကားခဲ့သည်ဟု သိရသည်။ အာဇာနည်နေ့၌ ဝန်ကြီးများရုံးကို မနက်(၆)နာရီမှ မွန်းလွဲ(၁၂)နာရီအထိ အများပြည်သူကို ဝင်ရောက် ကြည့်ရှုလေ့လာခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။ ထိုမျှမက အစိုးရလက်ထက်၌ ပထမဆုံးအနေဖြင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆွမ်းကပ်လှူပွဲ ကျင်းပခဲ့ကာ ထိုအခမ်းအနားသို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက် လှူဒါန်းခဲ့သည်ဟု သိရသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် မနက်(၁၀)နာရီ (၃၇)မိနစ်တွင် ဥသြဆွဲသည့်ဓလေ့ကို ယခုနှစ်တွင် အစိုးရက ပြန်ပြုလုပ်ပေးရုံမျှမက ရန်ကုန်မြို့ မြို့နယ်အများအပြားမှ မော်တော်ကားများကလည်း ထိုအချိန်တွင် ဟွန်းတီး၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အသိအမှတ်ပြုခဲ့သည်။
ထိုကဲ့သို့ ဥသြဆွဲသံ ၊ ဟွန်းတီးသံများကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်တွင် လမ်းသွားလမ်းလာများက အသွားအလာ ရပ်တန့်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြုခဲ့ကြကြောင်းလည်း သိရသည်။
မွန်းလွဲပိုင်းတစ်နာရီမှ ညနေခြောက်နာရီအထိ ထောင်ချီသောပြည်သူများထဲမှ အချို့ဟာ နိုင်ငံတော်သီချင်း ၊ ဇာတိမာန်သီချင်း ၊ ကမ္ဘာမကြေ သီချင်းများ သီဆို၍ အာဇာနည်ဗိမ္မာန်သို့ ချီတက်အလေးပြုကာ ဂါရဝပေးခဲ့ကြကြောင်း သိရသည်။
ယခင်နှစ်များနှင့်ခြားနားစွာ ယခုနှစ်တွင် ပြည်သူများ ၊ သမဂ္ဂများ ၊ ကျောင်းသားများ အာဇာနည်နေ့အခမ်းအနားကို ၎င်းတို့ စီစဉ်ထားသလို ကျင်းပခွင့်ရခဲ့ပြီး အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းမျိုး မရှိခဲ့ပေ။

 Credit to > Mizzima < Thank

No comments:

Post a Comment