မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာအသုံးပြုနေသော
သင်္ချိုင်းမြေကို မိဘပိုင်မြေဟုဆို၍ ဗိုလ်တက်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးလှဌေးက ဧပြီလ ၅ ရက်တွင် ရောင်းချလိုက်သောကြောင့် သေဆုံးသူများ
သင်္ဂြိုဟ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး လမ်းဘေးတွင်
မီးသင်္ဂြိုဟ်နေရသဖြင့် တိုင်းအစိုးရထံ တိုင်ကြားမည်ဟု သိရသည်။
လက်ရှိ သေဆုံးသူများကို လမ်းဘေးတွင် မီးရှို့နေရသည်မှာ ခုနစ်ဦးရှိပြီဟု ဒေသခံများက ဆိုသည်။
ဘိုတက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက မိမိတို့၏
ဘိုးဘွားပိုင်မြေဖြစ်ပြီး သင်္ချိုင်းမြေမဟုတ်ကြောင်း ၊ ထို့ကြောင့်
ဇူလိုင်လတွင် ပုံစံ ၇ လျှောက်ခဲ့ရာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့်
အဆိုပါမြေကို ခြံခတ်ပြီး ရောင်းချရန် လုပ်နေသော်လည်း
သင်္ချိုင်းမြေဖြစ်နေသောကြောင့် ၀ယ်မည့်သူမရှိသေးကြောင်းလည်း သိရသည်။
“ဒီမြေရောင်းတာ သိသိချင်းပဲ ကျွန်တော်တို့ ရပ်မိရပ်ဖတွေရယ်၊
ကျေးရွာအထောက်အကူပြုအဖွဲ့တွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို
အကြိမ်ကြိမ်သွားရောက် ညှိနှိုင်းမှုတွေ လုပ်တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ
အဆင်မပြေဘူး။ အခုရွာကသေရင် ချစရာမရှိတော့ဘူး။ လမ်းဘေးမှာ မီးရှို့နေရတယ်
ဘာမှလုပ်ပေးတာ မရှိဘူးဆိုရင် တိုင်းအစိုးရကို တိုင်ကြားသွားမယ်”ဟု
လက်ကောင်းကျေးရွာမှ ဦးလှသောင်က ပြောကြားသည်။
သင်္ချိုင်းမြေ ပြန်လည်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများနှင့်
အကြိမ်ကြိမ်သွားရောက်တွေ့ဆုံဆွေးနွေးမှုများလုပ်ရာတွင်
မြို့နယ်အုပ်ချုပ်ရေးမှူးက ပုံစံခုနစ်လက်ဝယ်ရှိနေသောကြောင့်
ဆောင်ရွက်မပေးနိုင်ကြောင်း ဒေသခံများကို ပြောသည်ဟု ဆိုသည်။
လက်ကောင်းကျေးရွာသည် အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လူဦးရေ ၈၀၀
ဦးကျော်နေထိုင်သည်။ ယခုအခါ သင်္ချိုင်းမြေကို ခြံခတ်ထားပြီးဖြစ်သောကြောင့်
ဒေသခံများကသင်္ဂြိုဟ်ခွင့် မရှိတော့ကြောင်း ဆိုသည်။
Credit to > Mizzima < Thank
No comments:
Post a Comment