Pages

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Monday, December 29, 2014

အဲအေးရှား လေယာဉ်အမှတ် QZ8501 နှင့် MH370 တို့ ပျောက်ဆုံးမှုမှာ တူညီမှုများ ရှိနေကြောင်း လေယာဉ်အမှုထမ်းများ ပြောကြား


MH370 လေယာဉ်ကြီး ထူးဆန်းစွာ ပျောက်ဆုံးနေမှုကို လေယာဉ်အမှုထမ်းများ က ယခုထက်ထိ အဖြေရှာနေစဉ်မှာဘဲ နောက်ထပ် လေယာဉ်အမှတ်စဉ် QZ8501 ထပ်မံပျောက်ဆုံးခဲ့တဲ့ တူညီတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့မှ စင်ကာပူနိုင်ငံသို့ ဦးတည်ပျံသန်းလာတဲ့ Air Asia လေကြောင်းလိုင်း ခရီးစဉ်အမှတ် QZ 8501 ဟာ လေကြောင်းထိန်းချုပ်ရေး စင်တာနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး MH370 လိုဘဲ ရုတ်တရက် ပျောက်ဆုံးနေခြင်း ဖြစ်ပါတယ်။

Airbus 320 လေယာဉ်မှုးဟာ ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကြောင့် လေယာဉ်ကို လမ်းကြောင်း ပြောင်းပြီး ပြန်လည်ဆင်းသက်ဖို့နဲ့ message ပေးခဲ့ပေမယ့်လည်း ထိုစဉ်က အဆက်အသွယ်များ ပြတ်တောက်ခဲ့တယ်လို့ သိရှိရပါတယ်။ MH370 နဲ့ မတူတဲ့ အချက်ကတော့ A320-200 အမျိုးအစား လေယာဉ်ဟာ အင်ဒိုနီးရှား လေပိုင်နက် အတွင်းမှာ ရှိနေခဲ့ခြင်း ဖြစ်ကြောင်း လေယာဉ် အမှုထမ်း ကျွမ်းကျင်သူ နေး ဟန်ဆော့က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

A320-200 အမျိုးအစား လေယာဉ်မှာ ခရီးသည်ပေါင်း ၁၅၅ ဦးပါဝင်ပြီး ယင်းခရီးသည်များမှာ စင်္ကာပူလူမျိုး တစ်ဦး၊ မလေးရှားလူမျိုး တစ်ဦး၊ တောင်ကိုရီးယား နိုင်ငံသား သုံးဦး၊ ဗြိတိန် နိုင်ငံသားတစ်ဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား ၁၄၉ ဦးတို့ပါဝင်ပြီး လေယာဉ်အမှုထမ်း များ မှာတော့ ပြင်သစ်လူမျိုး တစ်ဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား ၆ ဦးတို့ ပါဝင်တယ်လို့ သိရှိရပါတယ်။

Source : news.com.au
Credit to > MOI Webportal Myanmar < Thank

အယ်ဒီတာတေးနုယဉ် အသတ်ခံရမှု မိဘဆွေမျိုးများ စာနယ်ဇင်းရှင်း


ရန်ကုန် ဒီဇင်ဘာ ၂၈

သရုပ်ဆောင်မင်းအုပ်စိုး ခြေလွန် လက်လွန် ပြုလုပ်မှုကြောင့် သေဆုံး သွားသည့် သရပါမဂ္ဂဇင်းမှ တာဝန်ခံ အယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ် သေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် မြို့မရဲစခန်း၌ထွက် ဆိုချက်များကို မှန်ကန်မှုရှိမရှိ သံသယ ရှိနေကြောင်းနှင့် ၄င်းတို့ နှစ်ဦးမှာ သွေးသား တော်စပ်မှုမရှိ ကြောင်း မတေးနုယဉ်၏ မိသားစု ဝင်များက ယနေ့စာနယ်ဇင်းရှင်းလင်း ပွဲတွင်ပြောသည်။

လက်ရှိအချိန်တွင် သေဆုံးသူနှင့် ပတ်သက်၍ ထွက်ရှိလာသော ဆေး စစ်ချက်အဖြေများမှာ နှလုံးနှင့်အသည်း မှာ ပွင့်ထွက်နေကြောင်း၊ နံရိုးအားလုံး ကျိုးကြေနေကြောင်း၊ အဆုတ်တွင် အညိုအမည်း ဒဏ်ရာများနှင့် ဦးခေါင်း အပါအဝင် အခြားနေရာများတွင် အညိုအမည်း ဒဏ်ရာများရှိနေ ကြောင်း၊ စခန်းတွင် သရုပ်ဆောင် မင်းအုပ်စိုး၏ ထွက်ဆိုချက်ဖြစ်သည့် လူမှုရေး ကိစ္စတစ်ခုကို မေးမြန်းရာ အမှန်အတိုင်းမဖြေ၍ လက်သီးနှင့် ထိုးခြင်း၊ခြေနှင့်ကန်ခြင်းတို့မှ လက် လွန်သွား၍သေဆုံးသွားသည်ဟု ထွက်ဆိုမှုမှာ သံသယဖြစ်စရာ ဖြစ်နေကြောင်း သေဆုံးသူ၏ ဦးလေးဖြစ်သူဦးအောင်ကျော်ထွား ကပြောသည်။
''ဒီကိစ္စနဲ့ပတ်သက်ပြီး ခုအချိန် မှာတော့ဘာမှပြောလို့မရသေးဘူး။ဒါပေမယ့်ဆေးစစ်ချက်နဲ့ သူတို့ ပြောတာကဟုတ်မှဟုတ်ပါ့မလား လို့တော့တွေးမိတာပေါ့။ဥပဒေအရ မှန်မှန်ကန်ကန်ဖြစ်စေချင်တာပါ'' ဟု ၄င်းကပြောသည်။

သေဆုံးသူ မတေးနုယဉ်သည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ နယ် ကျောက်ထုမြို့ဇာတိဖြစ်ပြီး ရန်ကုန်မြို့တာမွေမြို့နယ် ဗျိုင်းရေ အိုးစဉ်လမ်းတွင်သူငယ်ချင်းများနှင့် အတူတိုက်ခန်းငှားနေထိုင်၍ သရုပ် ဆောင်မင်းအုပ်စိုး၏သရပါမဂ္ဂဇင်း တွင် အလုပ် လုပ်ကိုင်ခဲ့သည်မှာ ခြောက်နှစ်ကျော်ခုနစ်နှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်းသိရသည်။
သေဆုံးသူ၏မိခင်ဖြစ်သူ ဒေါ် ကြည်ဝင်းက''မဆုံးခင်ညနေအထိ အဆက်အသွယ်ရှိသေးတယ်။ဘာ ကိစ္စကြောင့်ခုလိုဖြစ်သွားတယ်ဆို တာလုံးဝမသိဘူး။ သူကဟိုတုန်းက တည်းကအလုပ်နဲ့ပတ်သက်ပြီးဘာမှ မပြောဘူး။ အဲဒီနေ့ညပိုင်း၁၁နာရီ ခွဲလောက်ကဖုန်းခေါ်သေးတယ်။အခြားတစ်ယောက်လာကိုင်တယ်။ သူမအားဘူးလို့ပြောတယ်။ သူနဲ့ မင်းအုပ်စိုးနဲ့ဘာမှမတော်ပါဘူး။ အလုပ်လုပ်ရုံသက်သက်ပါ။ အဖြစ် မှန်ကိုပေါ်စေချင်တာပါ။ခုကတချို့ တွေကပြောနေတာတွေက ခေါင်း တောင်မဖော်ရဲဘူးဖြစ်နေပါတယ်။သူ့ဂုဏ်သိက္ခာကို အန်တီယုံပါ တယ်'' ဟုပြောသည်။

ယခုလ ၂၅ရက် နံနက် ၂နာရီ ခွဲကဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်း အုပ်စိုး၏နေအိမ်တွင်ဖြစ်ပွားခဲ့သော သရပါမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ မတေးနုယဉ်သေဆုံးမှုနှင့်ပတ်သက် ၍လက်ရှိအချိန်တွင် သရုပ်ဆောင် မင်းအုပ်စိုးကို ဗဟန်းမြို့နယ် မြို့မ ရဲခန်းကလူသတ်မှုပုဒ်မ၃ဝ၂ဖြင့်အမှု ဖွင့်အရေးယူထားပြီးအင်းစိန်ထောင် တွင်ယမန်ယူ၍ဖမ်းဆီးထားကြောင်း သိရသည်။

မျိုးမင်းပိုင်
Credit to > The Union Daily < Thank

Feel စားသောက်ဆိုင် ဂက်(စ)အိုး ပေါက်ကွဲ မှုကြောင့် သေဆုံးသူ အမျိုးသမီး ရေဝေးသုသာန်တွင် သင်္ဂြိုဟ်

ဓါတ်ပုံ-စောရွှေယဉ် ဖေ့စ်ဘွခ်
နေပြည်တော် အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းရှိ Feel စားသောက်ဆိုင် Gas အိုး မီးလောင် ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ရာမှ ကွယ်လွန်ခဲ့သူ မနော်အိရွှေစင်မြင့် အသက် (၃၀)အား ဒီဇင်ဘာ ၂၈ နေ့ခင်း ၂ နာရီ၌ ရေဝေး ခရစ်ယာန်ဂိုဏ်း ပေါင်းစုံ ဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခန့်က Feel စားသောက်ဆိုင် Gas အိုးယိုစိမ့်ရာမှ မီးလောင် ပေါက်ကွဲမှု ဖြစ်ကာ (၁၁)ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဖြူးမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။ ယင်းဒဏ်ရာရရှိခဲ့သူ (၁၁)ဦးအနက် မနော်အိရွှေစင်မြင့်၏ ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှုခံယူခဲ့ရသည်။

ယင်းကဲ့သို့ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့သော်လည်း မနော်အိရွှေစင်မြင့်မှာ ၈၀ ရာခိုင်နှုန်း အရေပြားများ လောင်ကျွမ်းခဲ့သဖြင့် ဒဏ်ရာကြောင့် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင် (၁၀)တွင် သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးခဲ့သူ မနော်အိရွှေစင်မြင့်သည် ခရစ်ယာန်ဘာသာဝင်တဦးဖြစ်သောကြောင့် ရေဝေးသုသာန်၌ ခရစ်ယာန်ဘာသာထုံးတမ်းအစဉ်အလာအရ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်၌ ဂူသွင်းသင်္ဂြိဟ်ခဲ့ခြင်းဖြစ်ပြီး သားတဦးနှင့် သမီးတဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

မနော်အိရွှေစင်မြင့်သည် ဆွာ မှ ရန်ကုန်သို့ ပြန်လာစဉ် ယင်းဂက်(စ)အိုး ပေါက်ကွဲမှုအဖြစ်ဆိုးနှင့် ကြုံတွေ့ကာ ကွယ်လွန်ခဲ့သည်ဟု သိရသည်။ ယင်းမီးလောင်မှု၌ ဒဏ်ရာရရှိသူ ၁၁ ဦးအနက် မနော်အိရွှေစင်မြင့်နှင့် အခြားတဦးသည် ခရီးသွားများဖြစ်ကြပြီး ကျန် ၉ ဦးမှာ Feel စားသောက်ဆိုင်မှ ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်ပြီး ဖြူးမြို့နယ်ရဲစခန်းမှ ပြစ်မှု ၂၈၅/၃၃၇/ ၃၃၈/၃၀၄-က ဖြင့် Feel စားသောက်ဆိုင်ဝန်ထမ်း မောင်ဝင်းကို (၂၇)နှစ်အား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုခက်၊ ဇော်လတ်
Credit to > News Watch(စောင့်ကြည့်သတင်းဂျာနယ်) < Thank

ရာဟု ဆေးကုခန်းပိုင်ရှင် ဒေါက်တာဦးကြည်ဝင်း အသတ်ခံရ


ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့ နယ် ၂ မြောက်ရပ်ကွက် ဇင်္ဂမလမ်းမကြီး အမှတ် ၇၄ တွင် ဖွင့်လှစ်ထားရှိသော ရာဟု ဆေးကုခန်းပိုင်ရှင် ဒေါက်တာဦးကြည်ဝင်း အသက်(၅၇ နှစ်) သည် ယနေ့ နံနက် ၁၀ နာရီခန့် အချိန်က ယာဖက်မျက်လုံးဖူးယောင် ပေါက်ပြဲ၍ ဦးခေါင်း တစ်ခုလုံး ကြေမွကာ ကိုယ်လုံးတည်း ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဆွေမှ ပြောကြားသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်အား သာကေတမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းက ပ/ ၆၄၀ /၁၄ ဖြင့်
အမှုဖွင့် အရေးယူ ဆောင်ရွက်ကာ တရားခံ အမြန်ဆုံး ဖမ်းဆီး ရမိရေး အတွက် အပူတပြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဦးမှန်ကြီး (သာကေတ)
The Union Daily



၂၀၁၄ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က သာကေတမြို့နယ် ၂- ရပ်ကွက်၊ ဇင်ကမ္မလမ်းရှိ အထွေထွေ ရောဂါကု ဆရာဝန်တဦး နေအိမ်၌အသတ် ခံရသည်ဟု ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

အဆိုပါရပ်ကွက်နေ ဆယ်အိမ်မှူး ဖြစ်သူ ဦးအောင်စိုးက ''ဆေးခန်းနဲ့ အိမ် တခုတည်းဖွင့်ရင်း ၁၀ နာရီကျော်ထိ မဖွင့် သေးလို့ မသင်္ကာလို့ ၀င်ကြည့်ရင်းနဲ့ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရတာပါ။ ဦးခေါင်းတခြမ်းကြေမွပြီး မျက်လုံးတဖက်ပျက်စီးနေတာ တွေ့ရတယ်''ဟု News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

နေအိမ်တွင် အသတ်ခံရသူ ဒေါက်တာဦးကြည်ဝင်းသည် အသက် ၅၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ပတ်ဝန်းကျင်နှင့်သင့်မြတ်အောင် နေထိုင်သူဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။
''သူက အထွေထွေရောဂါကု ဆရာဝန်ဖြစ်ပေမယ့် ကာလသားရောဂါကတော့ စပါယ်ရှယ်လစ်ပဲ။ သူနေပုံထိုင်ပုံက နည်းနည်းတော့နွဲ့တယ်''ဟု ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

အဆိုပါ ဆရာဝန်သည် ကူးစက်ရောဂါ ပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်နေသူဖြစ်ပြီး ၎င်းနှင့်ခင်မင်ရင်းနှီးသူအများစုသည် အသက် ၁၆ နှစ်အောက် လူငယ်များသာဖြစ်သည်ဟု ဆိုသည်။
ရုပ်အလောင်းအား တွေ့ရှိချိန်၌ ခန္ဓာကိုယ်မမှာ ပူနွေးလျက်ရှိဆဲဖြစ်ပြီး မီးပူနှင့် ထုသတ်ခံရဖွယ်ရှိကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
''သူ့ရုပ်အလောင်းကိုတွေ့တော့ လက်စွပ်တွေ ဘာတွေ ရှိသေးတယ်။ ပစ္စည်းလုတာ မဖြစ်နိုင်ဘူး။ သေဆုံးနေတဲ့အချိန် ကိုယ်ပေါ်မှာ အ၀တ်အစားတွေ မရှိဘူး''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဆရာဝန်၏ နေအိမ်ဆေးခန်းသည် လာရောက်ပြသသည့် လူများဖြင့် စည်ကားနေလေ့ရှိပြီး တံခါးအား အပြင်ထွက်ချိန်မှလွဲ၍ သောခတ်ထားမှုမရှိဟု ဒေသခံများက ပြောသည်။ အခင်းဖြစ်ပွားသည့်အချိန်က တံခါးကစေ့ထားပြီး ဆေးခန်းဖွင့်ချိန်တိုင်သည်ထိ မဖွင့်သောကြောင့် ရပ်ကွက်နေပြည်သူအချို့က စိုးရိမ်၍ ၀င်ကြည့်ရင်း တွေ့ရှိသည်ဟုဆိုသည်။
''သတ်တဲ့သူက ကြိုတင်ကြံစည်မှု ရှိပုံမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီးပူနဲ့ ခေါင်းကိုရိုက်ခွဲတဲ့ပုံစံမျိုးဖြစ်ပြီး ပစ္စည်းတွေလည်း ယူမသွားဘူး''ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သာကေတမြို့နယ်မှ အသေးစိတ် အချက်အလက်အား စုံစမ်းစစ်ဆေးဆောင်ရွက် နေကြောင်း တာဝန်ရှိသူတဦးက News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Saturday, December 13, 2014

ကြည့်မြင်တိုင် မီးလောင်မှု သတင်း အပြည့်အစုံ

13 December 2014


ကြည့်မြင်တိုင် မြို့နယ်တွင် ခြင်ဆေးခွေ မီးမှ တစ်ဆင့် နေအိမ်အား မီးလောင်ကျွမ်းရာမှ ပတ်ဝန်းကျင်ရှိ နေအိမ်(၆)လုံးသို့ ကူးစက် လောင်ကျွမ်းမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၃.၁၂.၂၀၁၄ ရက်နေ့ ၀၀၄၀ အချိန်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ကြည့်မြင်တိုင် မြို့နယ်၊ မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ စကားဝါပင်လမ်းတွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်း အရ သွားရောက် စစ်ဆေး ခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဦးသန်းညွန့်သည် ၎င်း၏နေအိမ် နောက်ဖေးခန်းအတွင်း ခြင်ဆေးခွေ ထွန်းညှိထားရာမှ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ၎င်း၏နေအိမ်မှတဆင့် ဝဲ/ယာရှိ နေအိမ်(၆)လုံးတို့အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၅၂)စီးတို့
ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၂၀၀ အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းခဲ့သည့် ဦးသန်းညွန့်၏ နေအိမ်အတွင်းမှ မီးလောင်ကျွမ်းသေဆုံး နေသူ တစ်ဦးအား တွေ့ရှိရသဖြင့် စိစစ်ရာ သေဆုံးသူမှာ ဦးသန်းညွန့်၏ဇနီး ဒေါ်ဝင်းဝင်းမာ(၅၂)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းညွန်းအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၈၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ ကျား(၂၇)ဦး၊ မ(၂၈)ဦး၊ ပေါင်း(၅၅)ဦးတို့အား ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မကျီးတန်းမြောက် အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းရှိ စလင်းကျောင်းတိုက် ဓမ္မာရုံအတွင်း ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းနှင့် ၎င်းအိမ်ထောင်စုများ အနက် အချို့မှာ အနီးပတ်ဝန်းကျင်ရှိ ၎င်းတို့၏ဆွေမျိုး၊ မိတ်ဆွေတို့၏ နေအိမ်များတွင် ခေတ္တ နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

ကော့မှူးမြို့နယ်မှာ လက်ကိုင်ဖုန်း အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

13 December 2014



ရန်ကုန်၊ ဒီဇင်ဘာ ၁၃

၁၃.၁၂.၂၀၁၄ ရက်နေ့ ၁၆၃၅ အချိန်တွင် ကော့မှူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၌ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဒေါ်နုနုယဉ် (၄၉)နှစ်သည် နေအိမ်ရှေ့ခန်းရှိ မီးအားမြှင့်စက်ပေါ်တွင် လက်ကိုင်ဖုန်းအားသွင်းထားစဉ် အပူရှိန်လွန်ကဲပြီး ဖုန်းမှရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အနီးရှိစာအုပ်များ ထည့်ထားသော ပလပ်စတစ်ခြင်းအား ကူးစက်လောင်ကျွမ်းရာမှတစ်ဆင့် အလျား(၃၀)ပေ၊ အနံ(၁၈)ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ် နေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နှင့် မီးသတ်ယာဉ်များ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၁၆၄၂ အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း
သိရှိခဲ့ရပါသည်။

မီးလောင်မှုဖြစ်ပွားစဉ် ဒေါ်နုနုယဉ်၏ လက်နှစ်ဘက်နှင့် ခြေနှစ်ဘက်တို့တွင် မီးဟပ်သည့်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ကုသမှု ခံယူ လျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေါ်နုနုယဉ်အား ကော့မှူးမြို့မရဲစခန်း (ပ)၂၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်း ရောက်မရောက် အဆုံးအဖြတ်ဖြစ်ဟု NLD ဥက္ကဋ္ဌ ပြောကြား

13 December 2014


၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းကို ရောက် မရောက် အဆုံးအဖြတ် ပေးမည့် ရွေး ကောက်ပွဲဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်း အဝေးတွင် ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မရောက် အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် လုပ်မယ်ဆိုတာဟာ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မဟုတ်ပါဘူး။ ပြည်သူလူထုအောင်ပွဲခံဖို့ ဖြစ်ပါတယ်။ ပြည်သူတွေ တကယ်လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တခု ထူထောင်ရေးအတွက် တကယ့်ကို တိတိကျကျအဖြေပေးမယ့် ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။ ဒါကို ကျွန်မတို့ ကြိုးစားသွားရမှာပါ''ဟု ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပသော NLD ပထမအကြိမ် ဗဟိုကော်မတီစတုတ္ထအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် ပြည်နယ်/တိုင်းများမှ ဗဟိုကော်မတီဝင်များ အနေဖြင့် NLD ၏ လုပ်ဆောင်ချက်များ အကောင်အထည် ဖော်ရာတွင် တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို အချက်အလက်မှန်မှန်ကန်ကန်ဖြင့် အစီရင်ခံ တင်ပြကြရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီမိုကရေစီစံနှုန်းစံထားများဖြင့် မပြောင်းလဲပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ပြီဟု မပြောနိုင်ကြောင်း NLD ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Credit to > ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်) < Thank

ရဲနှင့် လက်ပံတောင်း ဒေသခံ ထိပ်တိုက်တွေ့၊ ရွာသား ၂ ဦး ဒဏ်ရာရ

13 December 2014


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လိပ်ခွံတောင်ပေါ်မှာ ရဲနဲ့ လက်ပံတောင်း ဒေသခံတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရွာသား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

မြေယာတွေမှာ ခြံစည်းရိုး သွားခတ်ဖို့ကြိုးစားရာ  လျော်ကြေးရယူထားခြင်းမရှိတဲ့ ရွာသားတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရာဘာကျည်ဆန်ထည့်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင်ရွာသား ၁ ဦး ဒဏ်ရာ ရသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒဏ်ရရတဲ့ ကိုပေါ်ဌေးက “အသံက ဖုန်းဆိုပြီး တအားကြီးမြည်သွားတယ်၊ ၁၄ ချက်လောက်တော့ ရှိမယ်၊ တင်ပဆုံကို မှန်တယ်၊ အစောပိုင်းဖြစ်နေတာကတော့ ရေနွေးပူ လောင်သလိုပဲ ပူကျက်နေပြီးတော့ တော်တော်လေးကို အနေရခက်တယ်၊ အခု ဆေးထိုးထားတော့ နေရတာမဆိုးဘူး”လို့ ပြောပါတယ်။

ဒါအပြင် လောက်လေးခွတွေနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် နောက်ထပ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ကုသပေးနေတဲ့ ဆေးမှူးဟောင်း ဦးနောင်နောင်က ရာဘာကျည်နဲ့ ရတဲ့ဒဏ်ရာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“အမှန်ကတော့ ရှပ်မှန်ပြီးတော့ လောင်သွားတဲ့သဘောနဲ့တူပါတယ်၊ ကြည့်ရတာ”လို့ ပြောပါတယ်။

ဆားလင်းကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကတော့ သေနတ်နဲ့ ပစ်ခတ်တာ မဟုတ်ဘဲ ရွာသားတွေက ခြံစည်းရိုးခတ်တယ်လို့ သံသယရှိပြီးတော့ တက်လာရာမှာ  ရဲကင်းကို လေးခွနဲ့ ပစ်လို့ ရဲတပ်ဖွဲ့က လောက်လေးခွနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဒီဗွီဘီက ဆက်သွယ်တဲ့ အချိန်ထိတော့ လိပ်ခွံတောင် ရဲကင်းအောက်မှာ ရွာသားတွေ စုရုံးရောက်ရှိနေတယ်လို့ သူက ပြောပါတယ်။

Credit to > By ကို​ထွေး​ (ဒီဗွီဘီ) < Thank

သမီးရည်းစား ချိန်းတွေ့ နေစဉ် ဓါးမြှောင် နဲ့ ခြိမ်းခြောက်ပြီး မိန်းခလေးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွား

12 December 2014


                      အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူအား အရေးယူထား

ေ နေပြည်တော်၊ ဒီဇင်ဘာ ၁၂

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့ ည ၁၁ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်နေ မ xxx (၁၉)နှစ်သည် ရှင်ပြုအလှူအိမ်ရှိ ဆိုင်းအငြိမ့်ပွဲ သွားကြည့်ပြီး အလှူပွဲအနီး ယာခင်း အတွင်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နေ ရည်းစားဖြစ်သူ ကို xxxx နှင့် ချိန်းတွေ့ခဲ့သည်။

ထိုသို့ချိန်းတွေ့နေစဉ် မကွေးမြို့နယ်နေ သိန်းဇော်(ခ)သိန်းဇော်အောင်(၂၅)နှစ်မှာ အရက်မူး၍ဓါးမြှောင် ကိုင်ဆောင်ရောက်ရှိလာကာ ကို xxxx အား ဓါးနှင့်ချိန်၍ ပြန်ခိုင်းပြီး မ xxx ကို ယာခင်းအတွင်းရှိ သရက်ပင်အနီးသို့ အတင်းပွေ့ချီ၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းသောကြောင့် သိန်းဇော်(ခ)သိန်းဇော်အောင်အား ညောင်ကန်နယ်မြေရဲစခန်း (ပ)၄၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Credit to > ရဲဇာနည် < Thank

ရန်ကုန် လမ်း ၄၀ အလယ်ဘလောက်တွင် ဆိုက္ကားသမားနှင့် ကားသမား ခိုက်ရန်ဖြစ်ပွား

12 December 2014


လမ်း ၄၀ အလယ်ဘလောက်နှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် ကားပါကင်ထိုးရာမှ ဆိုက္ကား သမားနှင့် ကားသမား ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်း အချိန်တွင် ခိုက်ရန် ဖြစ်ပွား ကြောင်း သိရသည်။

ဘေးပတ်ဝန်းကျင်က ပြောပြချက်အရ ကားသမားက တောင်းပန်သည့်ကြားမှ ဆိုက္ကား သမားက ကားမှန်ကို ရိုက်ခွဲ လိုက်ကြောင်း၊ ယင်းကြောင့် အနီးဝန်းကျင်မှ ကားသမားများ ရောက်လာပြီး ၀ိုင်းဝန်း ထိုးကြိတ် ရိုက်နှက်လိုက်ကြောင်း၊ Probox ကားမှ ကားသမားလည်း မောင်းပြေး သွားကြောင်း၊ ဆိုက္ကား သမားမှာ မဟာဗန္ဓုလ လမ်းပေါ်တွင် ပက်လက်လန်ပြီး သတိလစ်သွားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ကျောက်တံတားရဲစခန်းကို သွားရောက်မေးမြန်းရာ မြို့နယ်မှူးက ''အခု ဆေးစစ်ဖို့ ဆေးရုံကိုသွားရမယ်။ အမှုဖွင့်မလား၊ မဖွင့်လား မသိသေးဘူး။ ဘယ်လိုပုဒ်မနဲ့ တရားစွဲမလဲဆိုတာ ဆေးစာအပေါ် မူတည်ပါ တယ်။ ဒါကြောင့် ညနေကြမှ လာရောက်သတင်းယူကြပါ'' ဟု ပြောသည်။

  Credit to > သဒ္ဓါထက်အိုင်(လှန်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်) < Thank

ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး

11 December 2014


တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အောင်ရတနာ မှန်လုံခရီးသည် ၄စ/၇၄၉၆ တင်ကားဟာ မိုင်တိုင် ၇၉ မလွှဲတောင် ရောက်ရှိချိန်မှာ ဓားပြတိုက်ခံ ခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ  ၆ နာရီခွဲမှာ အခင်းဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ခရီးသည်တင်ကား ဓားပြတိုက်ခံရစဉ် ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ ဒု-တပ်ခွဲမှူး ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တဦး ကားနဲ့ အဲဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ ကားရပ်ဖို့ ဓားပြအဖွဲ့ကပြောဆိုပြီး သူတို့ ကားပေါ်ကနေ ဆင်းတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ကေအန်ယူ-မြိတ်ထားဝယ် ခရိုင်တွဲဘက် အတွင်းရေးမှူး ပဒိုစောအယ်နာက ဒီဗွီဘီကို ပြောပါတယ်။

“ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တယောက်က ကားတစီးနဲ့ အဲဒီကို ရောက်လာတော့ ဓားပြက ခေါ်ပြီး ဆင်းခိုင်းတယ်။ သူတို့ကတော့ ဓားပြတိုက်ခံရမှန်း မသိဘူး။ ဆင်းတော့ ဓားပြတွေက သူ့ကိုပစ်တာပေါ့။ သူ့တပည့်တယောက်က ထွက်ပြေးတော့ အနောက်ကနေ လှမ်းပစ်ခံရလို့ ဆုံးသွားတယ်။ ”

ဗိုလ်ခင်ဝင်း ကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းမဆုံးသေးဘဲ နောက်မှ သူ့သူငယ်ချင်း တယောက်က သူ့ ကို ရေးဆေးရုံကို သွားပို့ချိန် လမ်းမှာဆုံးသွားတာလို့ ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ဓားပြတိုက်သူတွေဟာ ၁၀ ဦးလောက်ရှိပြီး အဲဒီဒေသမှာ အရင်တုန်းက ဓားပြတွေ ရှိဖူးတယ်လို့ ပြောဆိုကြောင်း ပဒိုအယ်နာက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့ အောင်ရတနာ အဝေးပြေးကားဂိတ်နဲ့ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားတာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုကြပေမယ့် အသေးစိတ် ပြောဆိုတာ မရှိပါဘူး။

Credit to >  နော်နိုရင်း (ဒီဗွီဘီ) < Thank

ပဲခူးမြို့ ပေါ်မှာ ငှက်များနဲ့ တိုက်မိ၍ လေယာဉ်ဦးခေါင်း ပေါက်ပြဲ

10 December 2014



ေ ပေ(၄၀၀၀)ခန့် အမြင့်၌ ပျံသန်းနေသော လေယာဉ်နှင့် ငှက်တို့တိုက်မိရာမှ လေယာဉ်၏ ဦးထိပ်ပိုင်း အနည်းငယ် ပေါက်ပြဲမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

၁၀.၁၂.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာလာသော မြန်မာ့လေကြောင်း ခရီးစဉ်အမှတ် 8M-232 ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ မရောက်မီ (၁၀)မိနစ်ခန့်အလို ပဲခူးမြို့ပေါ် ပေ(၄၀၀၀)ခန့် အမြင့်မှ ပျံသန်းနေစဉ် ငှက်များနှင့်တိုက်မိ၍ လေယာဉ်၏ ဦးထိပ်ပိုင်း၌ (၁)ပေ ပတ်လည်ခန့် အပေါက်ဖြစ်သွားခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း(၈)ဦးနှင့် ခရီးသည် (၁၂၀)ဦး လိုက်ပါလာကြောင်း သိရှိရပြီး ယင်းသို့ဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ဒီဇိုင်းပြုလုပ် ဖော်ပြ ခဲ့သည့် Buddha.bar အား အရေးယူ ပိတ်သိမ်း

10 December 2014





လူမှုကွန်ယက်တွင် ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ဒီဇိုင်းပြုလုပ် ဖော်ပြ ခဲ့ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများအား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အချိန်နှင့် တစ်ပြေးညီ အမှုဖွင့် အရေးယူ ဆောင်ရွက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ဗုဒ္ဓရုပ်ပွား ပုံတော်ပေါ်၌ VGastro.bar, Buddha.bar ဟုရေးသားကာ ရုပ်ပွားတော်၏ နားတော်တွင် Ear Phone တပ်ဆင်ထားသည့် သဏ္ဍာန်ဒီဇိုင်း ပြုလုပ်ရေးဆွဲ၍ ဖော်ပြခဲ့သဖြင့် လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ပြုလုပ်ရေးဆွဲ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရလျင်ရချင်း ၁၀.၁၂.၂၀၁၄ နေ့ ၁၇၁၅ အချိန်တွင် အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်၊ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိန်၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်၊ ဗဟန်းမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲစိုးမြင့်၊ ဗဟန်းမြို့မ ရဲစခန်းမှူးနှင့် သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောအဖွဲ့မှ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ရွှေတောင်ကြား
လမ်းရှိ VGastro Bar သို့ရောက်ရှိကာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ VGastro Bar ၏ ဆိုင်ပိုင်ရှင်မှာ ထွန်းသူရိန်၊ မန်နေဂျာမှာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာမှာ နယူးဇီလန်နိုင်ငံသား Mr.Philip တို့ဖြစ်ကြောင်းသိရှိရပြီး အဆိုပါ ဗုဒ္ဓရုပ်ပွားပုံတော်အား Mr.Philip မှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ ပြုလုပ်ရေးဆွဲ ဖော်ပြခဲ့မှု နှင့်ပတ်သက်၍ ၂၀၀၀ အချိန်တွင် ၎င်း VGastro Bar ဆိုင်အား ပိတ်သိမ်းထားရှိပြီး တာဝန်ရှိသူ ထွန်းသူရိန်၊ ထွဋ်ကိုကိုလွင်နှင့် နယူးဇီလန်နိုင်ငံသား Mr.Philip တို့အား ၂၀၀၅ အချိန်တွင် ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က ဖြင့် အမှုဖွင့်လှစ်ကာ ၂၀၃၀ အချိန်တွင် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းမှာ ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈၈ ဖြင့်လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဆိုင်အားချိပ်ပိတ် သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Credit to > Yangon Police < Thank

ပီနန်ရှိ မြန်မာလူမျိုး ၂၀ ကျော်ကို သတ်ဖြတ်ခြင်းခံခဲ့သည့် အိမ်ခန်းကို မလေးရဲများ ရှာဖွေတွေ့ရှိ

9 December 2014


မလေးရှာနိုင်ငံ ပီနန်ကျွန်း တွင် ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံ ရမှုများနှင့်ပတ်သက်၍ သံသယရှိသူ နောက်ထပ် ၂ ဦးအား ရဲတပ်ဖွဲ့က ဘူကစ် မာတာဂျမ်၌ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပီနန်ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြား ခဲ့သည်။ အဆိုပါ သံသယရှိသူ ၂ ဦး ထပ်မံဖမ်းဆီးခဲ့သဖြင့် ထိုလူသတ်မှုများနှင့် ပတ်သက် ၍ ဖမ်းဆီးထားသူ ၁၇ ဦးအထိ ရှိလာပြီဖြစ်ပြီး အားလုံးမှ မြန်မာနိုင်ငံ မှ ဖြစ် သည်ဟု ပီနန်ပြည်နယ်ရဲမှူး အဗ္ဗဒူရာဟင် က ပြောကြားလိုက်သည်။

ယခု ဖမ်းဆီးရမိမှုမှာ အဓိက တိုးတက်မှု ဖြစ်သည်ဟု ၄င်းက ဆိုသည်။ “ဆလန်ဂေါပြည်နယ်၊ ရာဝန်က ၁ ယောက် အပါအ၀င် အသက် ၃၀ ကျော် ကနေ ၅၀ ကျော်အရွယ် မြန်မာနိုင်ငံက ၁၇ ဦးကို ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်ဟု ရဲမှူးက ပြော ကြားခဲ့သည်။

ပြီးခဲ့သည့် ၁၁ လအတွင်း မလေးရောက် မြန်မာနိုင်ငံသား ၂၃ ဦး အသတ်ခံ ခဲ့ရသည့် အမှုများမှာ မြန်မာနိုင်ငံမှ လူမျိုးရေးပဋိပက္ခနှင့် ဆက်စပ်သည်ဟု မလေး ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လူသတ်မှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖမ်းဆီးခဲ့သူများအနက် အဓိက တရားခံအဖြစ် သံသယ ရှိသူမှာ ရခိုင်ပြည်နယ်မှ မွတ်စလင် တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၁ နှစ်ခန့်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် လူမျိုးရေး ပဋိပက္ခများအတွင်း ထိုသူ၏ မိသားစုဝင် ၆ ဦး အသက်ခံခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသူ၏ မိုဘိုင်းဖုန်းမှတ်တမ်းမှ တစ်ဆင့် အခြား ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအမှုများနှင့်ပတ်သက်၍ ယခင်က အာဏာပိုင်များမှ မှတ်ချက်ပေးမှု အနည်းငယ် သာရှိသော်လည်း ပြီးခဲ့သည့် သောကြာနေ့ တွင် ပြည်နယ်ရဲမှူးက ထိုလူသတ်မှုများမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့ သည့် လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ယုံကြည် ရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“ဒါ ဟာ မြန်မာနိုင်ငံသားချင်း အမုန်းတရားတွေကို ယူဆောင်လာပြီး လက်စားချေ သတ်ဖြတ်တာ ပါ။ လူသတ်ရာမှာ အသုံးပြုတဲ့ လက်နက်၊ သတ်ဖြတ်ပုံ နှင့် အလောင်းတွေရဲ့အခြေအနေ အရ မြန်မာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွက်ဆ ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ရဲမှူးက သတင်းထောက်များ ကို ဖြေဆိုသည်။ အမှုနှင့်ပတ်သက်သည့် သတင်းများရရှိပါက နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားရန် ပြည်သူများအား ရဲမှူးက တောင်းဆိုထားသည်။

အသတ်ခံရသူများအား သတ်ဖြတ်ခဲ့သည့်နေရာဟု ယုံကြည်ရသည့် ဘူကစ် မာတာဂျမ်၊ မာချန်ဘူဘက်ရှိ နေအိမ်ခန်း ၂ လုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းခဲ့သည်ဟု ဆိုသည်။ မြန်မာလူမျိုးများ အသတ်ခံမှုများအား စုံစမ်း စစ်ဆေးရန် ရဲတပ်ဖွဲ့က KeLar စစ်ဆင်ရေးအမည်ဖြင့် လွန်ခဲ့သည့် ၂ ပတ် က စတင်ဆောင်ရွက်ခဲ့သည်ဟုဆို သည်။ မြန်မာနိုင်ငံသား ၂၀ ခန့်အား သတ်ဖြတ် ၍ အလောင်းအားခုတ်ဖြတ်ရန် အသုံးပြုသည်ဟု ယုံကြည်ရသည့် အဆောက် အအုံ အား ငှားရမ်းနေထိုင်ခဲ့သည် အသက် ၄၀ ကျော်ခန့် ရှိမည့် မြန်မာနိုင်ငံမှ ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုအိမ် ၂ လုံးအနက် ၁ လုံးမှာ အသတ်ခံရသူများအား မစွန့်ပစ်မီ အလောင်းကို ခုတ်ဖြတ်ရာ နေရာအဖြစ် အသုံးပြုသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထိုအိမ်မှ အလောင်း ခုတ်ဖြတ်ရာတွင် အသုံးပြုသည့် ပုဆိန် ၃ လက်နှင့် ကား ၁ စီးနှင့် မော်တော်ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိသည်။

“ဒီလူတွေဟာ ဒီရွာက အိမ် ၂ လုံးကို ပြီးခဲ့တဲ့ ၆ လခန့်က ငှားရမ်းခဲ့ပါတယ်။ သူတို့က လူသတ်တာကို အိမ်တစ်လုံးမှာပြုလုပ်ပြီး တံခါး ၆ ခုကျော်မှာ ရှိတဲ့ နောက်အိမ် ၁ လုံးမှာ နေထိုင်ကြပါတယ်” ဟု ရဲမှူးကပြောကြားခဲ့သည်။

သံသယရှိသူ များ ငှားရမ်းထားသည့် အခန်းများရှိရာ အိမ်တန်းရှည်မှာ သစ်ပင် ခြုံနွယ်များ၏ အလယ်တွ င်တည်ရှိပြီး ဂျလန်ကူလင်သို့ သွားရောက်နိုင် သည့် မြေလမ်းကျဉ်းတစ်ခုဖြင့်သာ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။ ရွာရှိ အိမ်တန်းရှည်မှ အိမ်ခန်း ၂ ခန်းအား ထိုသံသယရှိသူများက ၂၀၁၄ ဇွန်လ ကတည်းက ငှားရမ်းခဲ့ကြောင်း စစ်ဆေးမှုများအရ သိရသည်။ အခန်း ၁၂ နှင့် လူသတ်ရန်အသုံးပြုသည့် အခန်း ၁၇ အား ရဲတပ်ဖွဲ့က ၀င်ရောက်ရှာ ဖွေသော အခါ အိမ်နီးချင်း အများစုက အံ့အားသင့် ခဲ့ကြသည်။ ထိုအိမ်တန်းရှည် ရှိ အခြား ၁၅ ခန်းမှ အိမ်နီးနားချင်းများမှာ ၎င်းတို့၏ လုပ်ရပ်အား သတိပြုမိခြင်း မရှိဟု ဆိုသည်။အခန်း ၁၇ သို့ သတင်းသမားများ ကြည့်ရှုခွင့်မပြုဘဲ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက် ရှိသည်ဟုဆိုသည်။

Credit to > Ref - မလေးသတင်းဌာနများ < Thank

မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ''မန္တလာမင်း''''ရွှေနန်းတော်'' နဲ့ Elite တို့ ထပ်ဆင့် တိုက်မှုဖြစ်

8 December 2014


အရှိန်မထိန်းနိုင်သော မတ်တူးယာဉ်၏ ဝင်ရောက် တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်(၂)စီး ထပ်ဆင့်တိုက်မိသည့်အပြင် မတ်တူးယာဉ်မှ လမ်းဘေးတွင် ရပ်ထားသော ခရီးသည်တင်ယာဉ်အား ဆက်လက်တိုက်မိ၍ (၃)ဦးဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၈

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၃/ဝ-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ ဆုံကုန်းရပ်ကွက်နေ မျိုးမင်းဇော် (၃၆)နှစ် မောင်းနှင်လာသော 4C/xxxx မတ်တူးအပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ဦးမြင့်ဌေး(၄၈)နှစ်မောင်းနှင်သည့် 2G/xxxx ''မန္တလာမင်း'' ခရီးသည်တင်မှန်လုံယာဉ်၏ နောက်ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ''မန္တလာမင်း''ခရီးသည်တင် ယာဉ်မှ အများသုံးသန့်စင်ခန်းအနီး၊ လမ်းယာဘက်ဘေးတွင် ရပ်ထားသည့် 4D/xxxx ''ရွှေနန်းတော်'' ခရီးသည်တင်မှန်လုံယာဉ်အား ထပ်ဆင့်တိုက်မိခဲ့ပြီး 4C/xxxx မတ်တူးယာဉ်မှာ အများသုံးသန့်စင်ခန်း ရှေ့တွင်ရပ်ထားသည့် 4C/xxxx Elite ခရီးသည်တင်မှန်လုံယာဉ်၏နောက်ပိုင်းအား ထပ်မံတိုက်မိ ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်များပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း 4C/xxxx မတ်တူးယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် ယာဉ်မောင်း မျိုးမင်းဇော် ပါ ကျား(၃)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး 4C/xxxx မတ်တူးယာဉ်၏ ရှေ့လေကာမှန်/ဘေးမှန်များကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ နောက်ပိုင်းတွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၅ဝ)ခန့်၊ ''မန္တလာမင်း''ခရီးသည်တင်ယာဉ်၏ နောက်ယာ ဘက်ခြမ်း ပိန်ချိုင့်တွန့်ကြေ၍ တန်ဘိုးငွေကျပ်သိန်း(၁ဝဝ)ခန့်၊ ''ရွှေနန်းတော်''ခရီးသည်တင်ယာဉ်၏ ယာဘက်နောက်မီးကွဲ/ဆေးပွန်း၍ တန်ဘိုးငွေကျပ်သိန်း(၃ဝ)ခန့်နှင့် Elite ခရီးသည်တင်ယာဉ်၏ နောက်ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကာ မျိုးမင်းဇော်အား ပေပင်လေး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၃ရ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

Credit to > ရဲဇာနည် < Thank

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

8 December 2014


ရန်ကုန်တိုင်း ဒေသကြီး အတွင်းက အနှိပ်ခန်းတွေကို ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြု ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော် အစည်း အဝေးမှာ တင်သွင်း လိုက်ပါတယ်။

တဆက်တည်းမှာပဲ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ရန်ကုန်တိုင်း အတွင်းက လူနေရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကေတီဗွီ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည်ခန်းမတွေကို နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းခဲ့ရာ အစီစဉ်မရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။

Credit to > ဒီဗွီဘီ < Thank

Tuesday, November 11, 2014

မီးလင်းရေးကော်မတီအပေါ် ရွာခံတွေ ဘာ့ကြောင့် မကျေနပ်တာလဲ

လှည်းကူးမြို့နယ်ထဲက ဝါးရုံစွန်းကျေးရွာ မီးလင်းရေးကော်မတီ မမှန်မကန်လုပ်ရပ်နဲ့ ငွေစာရင်း အလွဲသုံးမှုတွေကြောင့် ကျေးရွာလူထုတွေက နိုဝင်ဘာ ၈ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မီးလင်းရေးကော်မတီကို မကျေနပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မီးလင်းရေးကော်မတီရဲ့ ရိုင်းပြမှုကို မနှစ်မြို့သလို မီတာခကောက်ခံတဲ့စနစ်ကို ရွာသားတွေက မကျေနပ်နေချိန် လျှပ်စစ်မီးတပ်ဆင်ဖို့အတွက် ကောက်ခံထားတဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ရှင်းလင်းမှုတွေအပေါ် သံသယရှိနေတြယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီးကို မီးထွန်းရုံသာ အသုံးပြုတဲ့ ဒေါ်တုတ်က လုပ်ငန်းသုံးသူတွေအတိုင်း ပေးဆောင်နေရတဲ့အပေါ် မကျေနပ်သလို လတွေစုပြီးမှ မီတာခကောက်ခံတာကြောင့် သူနဲ့ မီးလင်းရေးကော်မတီကြား ဖြစ်ပွားခဲ့ပုံကို အခုလိုရှင်းပြပါတယ်။
မီတာခကောက်ခံမှုဟာ မှန်းခြေနဲ့ရမ်းကောက်နေတာဖြစ်ပြီး လတွေစုပြီးမှကောက်တာကြောင့် မီတာခတွေ အများကြီးဆောင်ရတဲ့အပေါ် မိသားစုတွေ မကျေမနပ်ဖြစ်နေကြပါတယ်။ မီးလင်းရေးကော်မတီအတွက် မတည်ခဲ့တဲ့ငွေတွေ ပြန်ရမယ်ဆိုပြီး သေသေချာချာ မရှင်းလင်းတာကြောင့် သင်္ကာမကင်းဖြစ်တယ်လို့ ဆားဖိုကျေးရွာက ဦးသန်းလှိုင်က ပြောပါတယ်။
မီတာခကောက်ခံတဲ့ပုံစံဟာ မီးသုံးစွဲမှု အတန်းအားအလိုက် ကြည့်ကောက်တာဖြစ်ပြီး အတိမ်းအစောင်း ရှိနိုင်တယ်လို့ မီးလင်းရေးကော်မတီက ဦးခင်ထွန်းက ပြောပါတယ်။ ငွေစာရင်းပိုင်းက သူမသိနိုင်သလို လတွေစုပြီးမှ ကောက်ခံတာဟာ ရွာသူရွာသားတွေ လစဉ်မီတာခပေးဆောင်ဖို့ ခေါင်းထဲထည့်မထားလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
၂ဝ၁ဝကစပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်ပေးရေးကော်မတီရဲ့ ပံ့ပိုးမှုနဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာမီးလင်းရေးကို လုပ်ဆောင်ခဲ့ပြီး အခုတော့ မြို့နယ်လျှပ်စစ်ဌာနက တိုက်ရိုက်ကောက်ခံတဲ့မီတာကိုသာ လိုချင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။


Credit to > Kamayutmedia < Thank
http://kamayutmedia.com/lifestyle/social/1939

Saturday, October 25, 2014

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ မွန်ပြည်နယ်တွင်း သဘာဝဘေးဒဏ်သင့်မိသားစုများအား ထောက်ပံ့ကြေးငွေ သိန်း (၁ဝဝ) ကျော် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ



ကျိုက်ထို၊ မွန်                                                                       အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုနှင့် ဘိုရားကြီးကျေးရွာတို့တွင် သဘာဝဘေးဒဏ်သင့် မိသားစုများအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ထောက်ပံ့ကြေးငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သိမ်ဇရပ်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးတို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ လာရောက် အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌများ၊ အဖွဲ့ဝင်များနှင့် အခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ သိမ်ဇရပ်၊ ကျိုက်ထိုမြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း သိန်း(၁ဝဝ)ကျပ်ကျော် အား သဘာဝဘေးဒဏ်သင့်မိသားစုများထံ တိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Sunday, October 19, 2014

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ကိုယ်တော် ဆန္ဒပြမှုဖြစ်ပွား

ကျိုက်ထို                                                                     အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့မဈေး(ရှမ်းဈေး)တွင် အောက်တိုဘာလ ၁၉ ရက်နေ့နံနက် ၉း၃၀ မှ ၉း၃၅ နာရီအထိ (၅) မိနစ်ကျော်ကြာ တစ်ကိုယ်တော်ဆန္ဒပြမှုဖြစ်ပွားခဲ့ပါသည်။
သတင်းဓာတ်ပုံ - Myo Chitthu

Myo Chitthu's photo.
Myo Chitthu's photo.
Myo Chitthu's photo.

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနား

ကျိုက်ထို                        အောက်တိုဘာ 18
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အောက်တိုဘာလ(18)ရက် စနေနေ့ နေ့လည် (2)နာရီအချိန်က မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကျိုက်ထိုဇုံ) ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ စားသောက်ဆိုင် ပိုင်ရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် (3) နာရီဝန်းကျင်ခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။