မန္တလေး၊ ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌
Grand Royal အရက်အတု ပြုလုပ်နေသူကို အတုပြုလုပ်သည့် ပစ္စည်းများနှင့်အတူ
ဇန်နဝါရီလ ၁၀ ရက်နေ့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့သည် သတင်းအရ ယင်းနေ့ မွန်းလွဲ ၃
နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် သီရိမန္တလာ အဝေးပြေး
ယာဉ်ရပ်နားစခန်းဝင်း (ကျွဲဆည်ကန်ကားဝင်း) ရှိ ပြည်ခိုင်ဖြိုးကား
ဂိတ်ရှေ့တွင် စောင့်ဆိုင်းနေစဉ် အမျိုးသမီး တစ်ဦးသည် ဆိုင်ကယ်ဖြင့် Grand
Royal အရက်ဂျပ်ဖာတစ်ဖာ တင်ဆောင်ကာ ယင်းကားဂိတ်သို့ ရောက်ရှိလာကြောင်း၊
အဆိုပါ အမျိုးသမီးကို မသင်္ကာသဖြင့် ပူးပေါင်း စစ်ဆေးရာ ဂျပ်ဖာအတွင်း Grand
Royal Whisky 700 ml အရက်အတု ၁၂ ပုလင်းကို တွေ့ရှိရကြောင်း အဆိုပါ
တာဝန်ရှိသူက ပြောကြားသည်။
ယင်းအမျိုးသမီးမှာ မဖြူ (ခ) မခင်ဖြူခိုင် အသက် ၃၄ နှစ် ပြည်ကြီးတံခွန်
မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယင်းယူဆောင်လာသော အရက်အတုများမှာ
ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်မှ ယူဆောင်လာခြင်း ဖြစ်သည်ဟု
ထွက်ဆိုခဲ့သဖြင့် အဆိုပါ Grand Royal Whisky အတုပြုလုပ်သည့် နေအိမ်ကို IBRC
ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သက်သေဖြစ်သော ရပ်ကွက်
အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က ဝင်ရောက်
ရှာဖွေရာမှ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက
ဆိုသည်။
“အရက်ကတော့ ဘယ်အရက်မဆို- ကျန်းမာရေးကို ထိခိုက်နေတာပဲ။ Grand Royal
ကဝီစကီဖြစ်ပြီး ဈေးသင့်တဲ့ ပြည်တွင်းထုတ် အရက်ဖြစ်လို့ သောက်တာများတယ်။
လူကြိုက်များတယ်။ အဲဒီလို အရက်မျိုးကို မသမာနည်းနဲ့ အတုထုတ်တဲ့သူတွေက
ရှိနေပြီဆိုတော့ ထိခိုက်ပြီးရင်း ထိခိုက် ဖြစ်လာမှာကတော့ သေချာပါတယ်။
ဒါတွေကို စစ်ဆေးကြပ်မတ်ပေးဖို့ လိုပါတယ်” ဟု မန္တလေးမြို့
ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ ဘီယာနှင့်
အရက်အရောင်းဆိုင်ပိုင်ရှင် ဦးလှမင်းက ဆိုသည်။
အဆိုပါ နေအိမ်မှ အရက်အတု ပြုလုပ်သည့် ဆက်စပ် ပစ္စည်းနှင့်တကွ မဖြူနှင့်
အရက်အတု ပြုလုပ်နေသူများကို ဖမ်းဆီးရမိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး
ရန်ကင်းမြို့နယ်နေ IBCT ကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးဂျော်နီက အရေးယူပေးရန်
တိုင်တန်းသဖြင့် အောင်မြေသာစံ မြို့မရဲစခန်းတွင် (ပ) ၂၈/၂၀၁၄ ပြစ်မှု ပုဒ်မ
၄၂၀/၄၆၈/၄၈၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း အဆိုပါ တာဝန်
ရှိသူတစ်ဦးက ပြောကြားသည်။
Credit to > The Voice Weekly < Thanks
No comments:
Post a Comment