Pages

Thursday, January 30, 2014

ရန်ကုန်မှ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းသို့ ကျပ်ခြောက်သောင်းဖြင့် ကားလမ်းမှ သွားနိုင်ပြီ


ရန်ကုန်မှ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရား ကျောင်းသို့ ကားလမ်းခရီးဖြင့် သွားရောက်နိုင်ပြီဖြစ်ကာ ခရီးစဉ် (တစ်ကြောင်းစာ)အတွက် ကျပ်ခြောက် သောင်း ကျသင့်မည်ဟု အဆိုပါခရီးစဉ် ပြေးဆွဲပေးသည့် VEGA Travel လက်မှတ်အရောင်းကိုယ်စား လှယ် ကိုကျော်ကိုက ပြောသည်။

အဆိုပါခရီးစဉ်ကို ဇန်န၀ါရီလအတွင်း စတင်ခဲ့ခြင်းဖြစ်ကာ တစ်ညအိပ် နှစ်ရက် ခရီးစဉ် ဖြစ်သည်။

“ခရီးသည်ကတော့ အမြဲတမ်း ကိုးယောက်လောက်တော့ ပျမ်းမျှရပါတယ်။ ဘန်ကောက်ကိုရောက်ရင် တည်းခိုမယ့်နေရာအထိ လိုက်ပို့ပေးပါတယ်။ ကျွန်တော်တို့က တည်းခိုဖို့အတွက်စီစဉ်ပေးပါဆိုရင်လည်း စီစဉ်ပေးပါတယ်”ဟု ကိုကျော်ကိုက ဆိုသည်။

အဆိုပါခရီးစဉ်ကို ၁၂ ယောက်ဆံ့ မီနီဘတ်စ်ကားဖြင့် နံနက် ခြောက်နာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာ မည်ဖြစ်ပြီး ညနေလေးနာရီတွင် မြ၀တီသို့ ရောက်ရှိမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံဘန် ကောက်မြို့သို့ နှစ်ထပ်ဘတ်စ်ကားများဖြင့် ကားပြောင်းကာ ထပ်မံထွက်ခွာမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ သွားရောက်လိုသူ များအတွက် ထပ်မံ၍ ကားလမ်းကြောင်း စီစဉ်ပေးမည်ဖြစ်သည်။

ရန်ကုန်မှ ကားစတင်ထွက်ခွာသည့်ရက်များတွင် မဂဏန်းရက်များဖြစ်သည့် ၁ ရက် ၃ ရက် အစရှိသည့် ရက်များဖြစ်ပြီး ခရီးသည်အများစုမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိသာ သွားရောက်ကြသည်ဟုလည်း ကိုကျော်ကိုက ဆိုသည်။ ဘန်ကောက်မြို့အထိသာ သွားရောက်လိုသူ ခရီးသည်များအတွက် ခရီးစဉ်စ ဆုံး ငါးသောင်းကျပ်သာ ကျသင့်မည်ဖြစ်သည်။

ယင်းအပြင် မော်လမြိုင်နှင့် ဘားအံမြို့များမှလည်း အဆိုပါခရီးစဉ်ကို သွားရောက်နိုင်မည်ဖြစ်ကာ ယင်း မြို့များမှ ဘန်ကောက် ခရီးစဉ်အတွက် ကျပ် ၄၅,၀၀၀ ဖြစ်သည်။

ခရီးစဉ်အတွက် ထိုင်းဗီဇာ (ပြည်ဝင်ခွင့်လက်မှတ်)သာ လိုမည်ဖြစ်ပြီး ကမ္ဘောဒီးယားမှာ ဗီဇာကင်းလွတ် ခွင့်ရသောကြောင့် ဗီဇာလျှောက်ထားရန် မလိုပေ။ နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်လက်မှတ်များကို မိမိအစီအစဉ်ဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပြီး VEGA Travel မှလည်း ၀န်ဆောင်မှုပေးမည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်သည့် တုံလေဆပ်ရေအိုင်၊ အန်ကောဝပ် ဘုရားကျောင်း၊ ကွန်မြူနစ်များ လူမျိုးတုန်း သတ်ဖြတ်ခဲ့သည့်နေရာတွင် ပြုလုပ်ထားသည့် အထိမ်းအ မှတ်နေရာ အစရှိသည့် လည်ပတ်စရာနေရာများ ရှိသည်။

Mizzima - News in Burmese

 30.1.2014

No comments:

Post a Comment