Pages

Wednesday, February 26, 2014

အများပြည်သူသုံး တယ်လီဖုန်းများကို နိုင်ငံတကာ နည်းတူ IT Chip Card များ အသုံးပြု လုပ်ဆောင်မည်

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုလျက် ရှိသည့် အများပြည်သူသုံး တယ်လီဖုန်းများကို နိုင်ငံတကာ နည်းတူ IT Chip Card များ အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ IT Chip Card သည် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်ပြီး နေပြည်တော်၌ စတင် လုပ်ကိုင်လျက် ရှိပြီး ရန်ကုန်မြို့တွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပ ကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်း ကုမ္ပဏီများလည်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''အများပြည်သူသုံး တယ်လီဖုန်းတွေ အားလုံးမှာ လုပ်နိုင်ဖို့ ဆောင်ရွက် နေတာပါ။ နောက်တစ်ခုက ဒီစနစ် ပြောင်းလဲလိုက်ရင် အဲဒီမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အလုပ် လက်မဲ့ ဖြစ်သွားကြ မှာကို ထည့်စဉ်းစားပြီး ဆောင်ရွက်နေတာပါ'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်မှလည်း ၂ဝ၁၄ ခုနှစ် ဧပြီမှ စတင်၍ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ များ၌ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်ရေး အတွက် ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၃၁ ဒသမ ၅ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ တယ်လီဖုန်းနှင့် အင်တာနက် အသုံးချနိုင်မှုသည် ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး အဆင့်တွင် ရှိနေသေးကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လစဉ်မိုဘိုင်းလ် ဖုန်းဆင်းကတ် အနည်းဆုံး သုံးသိန်းခွဲကို ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု စနစ်များ ကောင်းမွန်မှု ရှိစေရန် အတွက် နိုင်ငံတကာ နည်းတူ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment