Pages

Monday, December 23, 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်

မန္တလေး၊                                                   ဒီဇင်ဘာလ ၂၂

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိသွားသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံများက ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်သိန်းတစ်ရာ ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့က မြန်မာ အမျိုးသမီးအသင်းကို ပေးအပ်မည့် စုစုပေါင်း ဆုကြေးငွေကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အခု လောလောဆယ်တော့ စာရင်းတွေကို အတိအကျ မပေါင်းရသေးဘူး။ အခု ပိတ်ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ တရားဝင် ထုတ်ပြန် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲတွင် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ကြေးတံဆိပ် ရရှိခဲ့ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့တော်အတွင်း အောင်ပွဲခံ လှည့်လည်ခဲ့ရာ များစွာသော မန္တလေးမြို့ခံတို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

Credit to > The Voice Weekly < Thanks

No comments:

Post a Comment