Pages

Saturday, September 20, 2014

၁၅ နှစ်အရွယ် အမျိုးသမီးကို အဓမ္မကျင့်သည့် ရဲဘော်အား အရပ်ဘက်တရားရုံးတွင် ပထမအကြိမ်စစ်ဆေး

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘို အမှုကို စက်တင်ဘာလ ၁၉ ရက်တွင် မူဆယ်ခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က မူဆယ်-ကွတ်ခိုင်ကားလမ်းပေါ်ရှိ နမ်ဂွတ်ကျေးရွာသူ အမျိုးသမီးလေး တစ်ဦးအား သိန္တီအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ တပ်ရင်း ခလရ ၅၆၇ တပ်ဖွဲမှ ရဲဘော် ကောင်းဘိုဘိုက အဓမ္မပြုကျင့်ခဲ့သဖြင့် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ်ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးများအဖွဲ့က ကွတ်ခိုင်ရဲစခန်းသို့ အမှုဖွင့် တိုက်ကြားခဲ့ခြင်း ဖြစ်သည်။
“အခင်းဖြစ်ခဲ့တာတွေကို သမီးကိုစစ်တယ်။ ပြီးရင် သူ့မိဘတွေကို စစ်ဆေးမေးမြန်းတယ်။ ရွာလူကြီးနဲ့ အဒေါ်တို့ကိုလည်း မေးမြန်းစစ်ဆေးခဲ့တယ်။ တရားခံဖြစ်သူကိုလည်း မှန်မမှန် နားထောင်ခိုင်းတယ်။ သူကတော့ ပါစပ်မပိတ်ဘူး။ သူ့ကို ဘာမှ မလုပ်ဘူး ဆိုပြီး ငြင်းတယ်။ တခြားတော့ သူမှားတယ်ဆိုပြီး ဝန်ခံတယ်” ဟု ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲကျော်သည်အထိ မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက နှစ်ဖက်မိသားစုများကို စစ်ဆေးမြန်းမြန်းခဲ့ပြီး လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
ရဲဘော် ကောင်းဘိုဘိုအား ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆ (မုဒိန်းမှု) နှင့် ပုဒ်မ ၃၆၃ (သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု)တို့ဖြင့် တရားစွဲဆိုထားပြီး ကွတ်ခိုင် စစ်ဗျူဟာ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သော်လည်း အရပ်ဘက်တရားရုံးသို့ ပြန်လည် လွှဲပြောင်းပေးရန် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ က တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးငယ်သည် သူ၏ ညီမနှင့်အတူ နေအိမ်မှ ဈေးဝယ်ပြီး အပြန်လမ်း တစ်နေရာတွင် အစိုးရ၏ ခလရ တပ်ရင်း ၅၆၇ တပ်မှ တပ်သား နှစ်ဦးထဲမှ တစ်ဦးက ညီမဖြစ်သူကို နေအိမ်သို့ လိုက်ပို့ပေးခဲ့ပြီး အစ်မဖြစ်သူကိုမူ အခြားတပ်ဖွဲ့တစ်ဦးက ခြုံတောသို့ ခေါ်ဆောင်သွား၍ အဓမ္မပြု ကျင့်ခဲ့သည်ဟု သူက ပြောဆိုသည်။
အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်၏ ဖခင်ကလည်း “အစက အစိုးရ စစ်တပ်က တောင်းသလောက် ပေးမယ်။ ကျေအေးအောင်လုပ်ရအောင်ဆိုပြီး ပြောလာတယ်။ ကျွန်တော်တို့က အကုန်လုံးသိသွားပြီ အရှက်ရနေပြီဆိုတော့ အမျိုးသမီးအဖွဲ့ကို အကူအညီ တောင်းလိုက်တာပါ” ဟု ဦးဂမ်က မဇ္ဈိမကို ပြောသည်။
အစောပိုင်းတွင် အဆိုပါ တပ်ရင်းမှ စစ်ကြောင်းမှူးက မိန်းကလေး၏ အမှုကို လက်ဆောင်ပစ္စည်းဖြင့်သာ ကျေအေးသွားရန် ပြောဆိုမှုရှိခဲ့သော်လည်း မိန်းကလေး၏ မိဘများက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုမှ အမျိုးသမီး အဖွဲ့ထံ သွားရောက် အကူအညီတောင်းခံခဲ့ရာမှ မေလ ၁၇ ရက်၌ ကွပ်ခိုင် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။
တရားရုံးတွင် အခင်းဖြစ်ပွားပုံများကို တရားသူကြီးက စစ်ဆေးခံခဲ့ပြီး လက်ရှိ သမီးဖြစ်သူမှာ ကျန်းမာရေးကောင်မွန်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထား မဟုတ်ဘဲ ကြောက်လန့်နေသည်ဟု ဖခင်ဖြစ်သူ ဦးဂမ်က ပြောသည်။
“ကလေးက ကျန်းမာတယ်။ စိတ်မကောင်းဘူးဖြစ်နေတယ်။ သာမန်ထက်မတူဘူး။ ဒီနေ့ တရားခံ ရဲဘော်ကို တွေ့လို့ ပိုကြောက်သွားတယ်ထင်တယ်။ အခုက ဥပေဒအအတိုင်း အရေးယူပေးဖို့ လုပ်နေတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ တရားခံ အစိုးရစစ်တပ်မှ ရဲဘော်အား တရားဥပဒေအရ အရေးယူပေးရန် တောင်းဆိုရခြင်းမှာ နောက်နောင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်သည့် ပြဿနာများ မဖြစ်ပွားစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဂမ်က ဆက်လက် ပြောဆိုသည်။
အစိုးရစစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်က ပထမဆုံးအကြိမ် ဥပဒေအရ အရေးယူပေးခြင်းလည်း ဖြစ်သည်။

Credit to > Mizzima < Thank

No comments:

Post a Comment