Pages

Friday, September 23, 2016

အဆို၊ မေးခွန်းများ ဆွေးနွေးမေးမြန်းခြင်းကို သတ်မှတ်ချိန်အတွင်း အပြီးဆွေးနွေးရန်နှင့် နိဂုံးချုပ်ရန် သုံးကြိမ်မြောက် ပြောကြားမည်မဟုတ်ဘဲ တူထုသတိပေးမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား

လွှတ်တော်အစည်းအဝေး၌ အဆို၊ မေးခွန်းများ ဆွေးနွေးမေးမြန်းခြင်းနှင့် ပတ်သက်၍ သတ်မှတ်ချိန်အတွင်း အပြီးဆွေးနွေးရန်နှင့် နိဂုံးချုပ်ရန် သုံးကြိမ်မြောက် ပြောကြားမည်မဟုတ်ဘဲ တူထုသတိပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များကို အသိပေးပြောကြားသည်။
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နေပြည်တော်တွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်း အသိပေးခဲ့ခြင်း ဖြစ်သည်။
 
လွှတ်တော်၌ မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ ယခင်က မေးခွန်းတစ်ခုကို သုံးမိနစ်အတွင်း အပြီးမေးမြန်းရန် သတ်မှတ်ထားသော်လည်း ပြည့်ပြည့်စုံစုံနှင့် အနှစ်သာရရှိရှိ မေးမြန်းဆွေးနွေးနိုင်ရန်အတွက် ငါးမိနစ်အထိ တိုးပေးခဲ့ကြောင်း၊ ထို့အတူ အဆိုတစ်ခုဆွေးနွေးခြင်းနှင့် ပတ်သက်၍ ယခင်က ခြောက်မိနစ် ပေးထားသော်လည်း ပြည့်ပြည့်စုံစုံနှင့် အနှစ်သာရပိုမိုရှိရန်အတွက် ၁၀ မိနစ်အထိ တိုးပေးထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရှင်းလင်းတင်ပြသည်။
 
“အဲဒီတော့ သတ်မှတ်ချိန်အတွင်းမှာ ပြီးစီးအောင် ဆွေးနွေးကြပါ။ ထိထိမိမိနဲ့ အနှစ်သာရရှိရှိကို သတ်မှတ်ချိန်အတွင်း ပြီးအောင် ဆွေးနွေးပါ။ သတ်မှတ်အချိန်အတွင်း မပြီးလို့ နိဂုံးချုပ်ပါဆိုရင် ချုပ်စေချင်ပါတယ်။ ဒုတိယအကြိမ် နိဂုံးချုပ်ပါလို့ ပြောပြီးလို့ရှိရင်တော့ တတိယအကြိမ် နိဂုံးချုပ်ပါလို့  ကျွန်တော် ထပ်မံပြောမှာ မဟုတ်ပါဘူး။ အဲဒီကိုယ်စားလှယ်ကို သတိပေးတဲ့အနေနဲ့ တူထုပြီးတော့ အချက်ပေးမှာ ဖြစ်တယ်။ အဲဒါဆိုလို့ရှိရင်တော့  လွှတ်တော်မှတ်တမ်းမှာ အဲဒီကိုယ်စားလှယ်ဟာ သတိပေးခံရတယ်ဆိုတဲ့ မှတ်တမ်းဝင်သွားမှာ ဖြစ်တယ်။ ဒါကိုတော့ အသိပေးထားတယ်။ အားလုံးနားလည်စေချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသိပေးတင်ပြသည်။
 
Credit to > EMG < Thank

No comments:

Post a Comment